မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားလေး အလက်ဟန်ဒရို ဂါနာချိုက သူလေးစားအားကျရတဲ့ သူ့ idol ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်မလာသေးဘဲ ရော်နယ်လ်ဒိုရဲ့ fan boy တစ်ဦးအနေနဲ့သာ ဆက်ရှိနေရတယ်လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ပေါလ် ပါကာက သုံးသပ်ပြောဆိုလိုက်ပါတယ်။

အသက်(၂၀)အရွယ် အာဂျင်တီးနား တောင်ပံကစားသမား ဂါနာချိုဟာ ဒီနှစ်ဘောလုံးရာသီမှာ သူရဲ့ စွမ်းဆောင်ရည်တွေက ကျဆင်းနေသလို ကွင်းအတွင်း ပြုမှုတုံ့ပြန်မှုတွေဟာလည်း အသင်းနည်းပြ ရူဘင် အမော်ရင်အတွက် လက်မခံနိုင်စရာတွေ ဖြစ်နေရပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ ဂါနာချိုက အသင်းအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပြန်လည် လုပ်ဆောင်လာနိုင်ပါတယ်။

Photo Credit : Goal

ဆိုစီဒက်နဲ့ ယူရိုပါလိဂ် (၁၆)သင်းအဆင့် နှစ်ကျော့လုံးမှာ ဂိုးဖန်တီးမှု တစ်ကြိမ်စီ လုပ်ဆောင်ထားပြီး လက်စတာနဲ့ပွဲမှာလည်း ဂိုးတစ်ဂိုး ပြန်သွင်းယူထားနိုင်တဲ့ ဂါနာချိုနဲ့ ပတ်သက်ပြီး ယူနိုက်တက် ခံစစ်ကစားသမားဟောင်း ပါကာက ဂါနာချိုအနေနဲ့ အခုထက် ပိုရင့်ကျက်လာဖို့ လိုအပ်ကြောင်းနဲ့ ရော်နယ်လ်ဒိုနေရာ ဆက်ခံနိုင်မယ်သူဆိုပြီး မတွေးထားဖို့လိုကြောင်း သတိပေးလိုက်ပါတယ်။

“ဂါနာချို ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်ကို ဆက်သုံးလို့ မရတော့ဘူး။ သူက ဘောလုံးလောကရဲ့ အသက်အရွယ်အရဆိုရင် ငယ်တော့မှာ မဟုတ်တော့ဘူး။ သူ ဒီနွေရာသီမှာ (၂၁)နှစ် ပြည့်တော့မယ်။ သတိမထားမိခင်မှာပဲ (၃၀) ဖြစ်သွားလိမ့်မယ်။ ဒါကို သူ နားလည်ပြီး စွမ်းဆောင်ရည် စပြရမယ်။ သူက လူကြီးလို ကစားတာ မဟုတ်ဘူး။ လူကြီးလို ပြုမူတာလည်း မဟုတ်ဘူး။ သူ့ကိုယ်သူ မှန်ထဲ သေချာကြည့်ပြီး နောက်ထပ် ရော်နယ်လ်ဒို ဖြစ်မယ်လို့ မတွေးတော့ဖို့ ပြောရမယ်။”

Photo Credit : Goal

“သူ ဘယ်တော့မှ အဲဒီလို ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ကောင်းတဲ့ ကစားသမားဘဝ ရဖို့ ကြိုးစားအားထုတ်ရမယ်ဆိုတာ လက်ခံရမယ်။ သူ စတင်ပေါ်ထွက်လာချိန်မှာ ကျွန်တော် သူ့ကို သဘောကျခဲ့တယ်။ သူ့မှာ အာဂျင်တီးနားသားဆန်တဲ့ စိတ်အားထက်သန်မှု ရှိခဲ့တယ်။ အခု အဲဒါကို လုံးဝ ဆုံးရှုံးသွားပြီ။ သူ့ကိုယ်သူ၊ သူ့မိသားစုကို စိတ်ပျက်အောင် လုပ်ခဲ့သလို၊ သူ့အသင်းကိုလည်း စိတ်ပျက်အောင် လုပ်ခဲ့တယ်။”

“သူ့မှာ ရှိသင့်တဲ့ အရည်အချင်းကို အကျိုးမရှိ ဖြုန်းတီးနေတယ်။ ကျွန်တော် သူ့ဆီက ဘာမှ မမြင်ရတော့ဘူး။ အခု သူ့အတွက် အရေးကြီးတာက သူ ဘာမှာ ကောင်းပြီး ဘာမှာ ညံ့တယ်ဆိုတာ နားလည်ဖို့ပဲ။ သူက လူကို ကျော်ဖြတ်လို့ မရဘူး၊ မြန်လည်း မမြန်ဘူး၊ ကြိုးစားအားထုတ်ဖို့လည်း မလိုချင်ဘူး။ ဒါဆို သူ ဘာမှာ ကောင်းတာလဲ။ ဒါကို ရှာဖွေပြီး ပြသရမယ်။ ရော်နယ်လ်ဒို ဖြစ်ချင်ရုံနဲ့ မလုံလောက်ဘူး။ အခု ကျွန်တော့်အတွက်တော့ သူက ရော်နယ်လ်ဒို ဖန်ဘွိုင်းတစ်ယောက်လို ဖြစ်နေတယ်။ ဘောလုံးပွဲတွေ အနိုင်ရပြီး ဒီအသင်းကို တစ်ဖန် ဂုဏ်ရှိအောင် လုပ်မယ့်အစား ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ဖို့ မီးမောင်းထိုးပြတဲ့ ဗီဒီယိုလေးတွေ လုပ်ချင်နေသလို ထင်ရတယ်။” လို့ ပြောခဲ့ပါတယ်။