MySport Myanmar

ဘောလုံးသမား ဘဝကနေ အနားယူလိုက်တဲ့ ယူနိုက်တက် ကစားသမားဟောင်း ရော့စီ

တစ်ချိန်တုန်းက မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပါဝင် ကစားခဲ့ဖူးတဲ့ အမေရိကန်ဖွား အီတလီ တိုက်စစ် ကစားသမား ဂူဆက်ပီ ရော့စီဟာ လက်ရှိမှာတော့ သူရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို တရားဝင် အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ အီတလီ မိသားစုတစ်ခုကနေ မွေးဖွားလာခဲ့တဲ့ ရော့စီဟာ အမေရိကန်မှာပဲ ဘောလုံးကစားခြင်းကို စတင်ခဲ့ပြီး အဲ့ဒီကနေ အီတလီနိုင်ငံဆီ ပြောင်းရွှေ့လာခဲ့ရာ ပါးမား လူငယ် အကယ်ဒမီဆီ ရောက်ရှိခဲ့ပါသေးတယ်။ ၂၀၀၄ခုနှစ်မှာတော့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။

Photo Credit : Goal

၂၀၀၄ နိုဝင်ဘာလမှာ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာပဲ ပရော်ဖက်ရှင်နယ် စီနီယာ ကစားသမားဘဝကို စတင်နိုင်ခွင့် ရခဲ့တဲ့ ရော့စီက ၂၀၀၅ခုနှစ် အောက်တိုဘာလမှာတော့ သူရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ်ဂိုးကို ဆန်းဒါးလန်းအသင်းဘက်ဆီ သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၀၅-၀၆ ဘောလုံးရာသီမှာ ရော့စီအတွက် ပွဲကစားခွင့် အနည်းငယ်လေး ရလာခဲ့ပေမယ့်လည်း နောက်ရာသီမှာတော့ သူ့ကို နယူးကာဆယ် နဲ့ ပါးမားအသင်းတို့ဆီ အငှားချခဲ့ပါတယ်။

၂၀၀၇မှာတော့ ဗီလာရီးယဲလ်ဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့ရတဲ့ ရော့စီက ဗီလာရီးယဲလ်မှာတော့ (၆)ရာသီနီးပါး ဖြတ်သန်းခဲ့ရင်း လာလီဂါ သွင်းဂိုး (၅၄)ဂိုးနဲ့ ပြိုင်ပွဲစုံမှာ (၈၂)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဖီအိုရင်တီးနားအသင်းဆီ ထပ်ပြောင်းရင်း အီတလီမြေဆီ ပြန်လည် ခြေချလာခဲ့တဲ့ ရော့စီဟာ လီဗန်တေး ဆယ်လ်တာဗီဂိုတို့ကိုလည်း အငှားနဲ့ သွားကစားခဲ့ရင်း ၂၀၁၇မှာ ဂျီနိုအာအသင်းဆီ ရောက်သွားခဲ့ပြန်ပါတယ်။

Photo Credit : Sky Sports

ဂျီနိုအာမှာ ပွဲအနည်းငယ် ပါဝင်ကစားခဲ့ရင်း အသင်းလက်မဲ့ ကစားသမားအဖြစ် အချိန် ကြာမြင့်စွာ ဖြတ်သန်းခဲ့ရပြီးနောက် ၂၀၂၀ မှာ မေဂျာလိဂ်ကလပ် ရီးယဲလ် ဆော့လိတ်ခ်အသင်းဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။ မေဂျာလိဂ်မှာလည်း မစွံခဲ့တဲ့ ရော့စီက အီတလီကို ပြန်ပြီး စီးရီးဘီကလပ် SPAL အသင်းမှာ နှစ်ရာသီ ပါဝင်ကစားခဲ့ပြီးတဲ့နောက် အသင်းနဲ့ စာချုပ်ကုန်ဆုံးသွားရာ နောက်ထပ် အသင်းသစ် မရှာဖွေတော့ပဲ ကစားသမားဘဝကိုသာ အဆုံးသတ်သွားခဲ့ပါတယ်။

တကယ်တော့ ရော့စီက မန်ယူနိုက်တက်မှာ ဘာမှ လုပ်ပြခွင့်တွေ မရရှိခဲ့ပေမယ့် ဗီလာရီးယဲလ်ဆီ ရောက်ရှိပြီးနောက်မှာတော့ အီတလီ လက်ရွေးစင်အသင်းအတွက်ပါ ပါဝင်ခွင့်တွေ ရှိလာရပြီး ၂၀၀၈ ကနေ ၂၀၁၄ခုနှစ်အထိ စုစုပေါင်း ပွဲ (၃၀) ကစားခဲ့ရသလို သွင်းဂိုး (၇)ဂိုးပါ သွင်းယူထားနိုင်ခဲ့ပါတယ်။ အခုတော့ ရော့စီဟာ အသက် (၃၆)နှစ်အရွယ်မှာပဲ မြက်ခင်းစိမ်းတွေကို ကျောခိုင်းပြီး (၁၉)နှစ်နီးပါး ကြာမြင့်ခဲ့တဲ့ သူရဲ့ ဘောလုံးသမားဘဝကိုပါ အဆုံးသတ်လိုက်ပြီပဲ ဖြစ်ပါတယ်။

 

Exit mobile version