MySport Myanmar

ရိုးမားအသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ယူနိုက်တက် နည်းပြဟောင်း တန်ဟက်ဂ်

မကြာသေးခင်ကမှ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ရတဲ့ နယ်သာလန်လူမျိုး ဘောလုံးနည်းပြ အဲရစ် တန်ဟက်ဂ်ဟာ လက်ရှိမှာတော့ နည်းပြလက်မဲ့ ဖြစ်နေတဲ့ ရိုးမားအသင်းရဲ့ ရေဒါထဲမှာ ပါဝင်လာဖွယ် ရှိနေတယ်လို့ RomaPress ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

ရိုးမားအသင်းဟာ ဒီရာသီထဲ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေကြောင့် အသင်းနည်းပြ (၂)ဦးအထိ ထုတ်ပယ်ထားခဲ့ရပါတယ်။ ကနဦးပိုင်းမှာတော့ ယာယီကနေ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ထားတဲ့ ဒီရော့ဆီကို ရာထူးကနေ ထုတ်ပယ်ခဲ့သလို ဒီရော့ဆီအစား ခန့်အပ်ခဲ့တဲ့ ဂျူရစ်ကိုလည်း နည်းပြသက်တမ်း (၂)လမပြည့်ခင်မှာပဲ ထပ်မံ ထုတ်ပယ်ခဲ့ပါတယ်။

Photo Credit : Quotidiano Sportivo

လက်ရှိ နိုင်ငံတကာ ရက်သတ္တပတ် ရှိနေချိန်မှာပဲ ရိုးမားက နည်းပြသစ်တစ်ဦး ခန့်အပ်သွားဖို့ စီစဉ်နေပြီး မန်ချီနီ ၊ ပေါ်လို ဆိုဆာ ၊ လမ်းပတ် ၊ တယ်ဇစ်တို့လို နည်းပြတွေနဲ့ သတင်းတွေ ထွက်ပေါ်နေသလို အခုဆိုရင်လည်း ယူနိုက်တက် နည်းပြဟောင်းဖြစ်တဲ့ တန်ဟက်ဂ်နဲ့ပါ သတင်းထွက်ပေါ်လာခဲ့ပြန်ပါတယ်။

အေဂျက်စ်နည်းပြဟောင်း တန်ဟက်ဂ်က ယူနိုက်တက်ကို ကိုင်တွယ်ချိန် ပထမဆုံး ဘောလုံးရာသီမှာ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရယူပေးခဲ့သလို ဒုတိယရာသီမှာလည်း အက်ဖ်အေဖလား ဖိုင်နယ်မှာ မန်စီးတီးကို အနိုင်ယူပြီး အက်ဖ်အေဖလားကိုပါ ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ တတိယရာသီဖြစ်တဲ့ အခုဘောလုံးရာသီမှာတော့ တန်ဟက်ဂ်က ရလဒ်ပိုင်း ဆိုးရွှားမှုကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit : Goal

လက်ရှိမှာတော့ တန်ဟက်ဂ်က နယ်သာလန်ဆီ ပြန်လည် ရောက်ရှိနေပြီး သူ့အသင်းဟောင်း အေဂျက်စ်အသင်းရဲ့ ပွဲစဉ်တွေကို လိုက်လံ ကြည့်ရှုနေသလို သူ့ကို ကမ်းလှမ်းလာမယ့် ကမ်းလှမ်းမှုတွေကိုလည်း စောင့်ဆိုင်းလျက် ရှိနေပါတယ်။ ဒါကြောင့် ရိုုးမားဘက်က တန်ဟက်ဂ်ကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာနိုင်မလား ဆိုတာကလည်း စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ရိုးမားဘက်ကတော့ သူတို့ စောင့်ကြည့်နေတဲ့ နည်းပြထဲကမှ အီတလီ ဘောလုံးနယ်ပယ်နဲ့ အကျွမ်းတဝင် အရှိဆုံးဖြစ်တဲ့ ဝါရင့်နည်းပြကြီး ရောဘတ်တို မန်ချီနီကို နည်းပြသစ်အဖြစ် ခန့်အပ်သွားချင်နေပြီး တကယ်လို့ မန်ချီနီ မရခဲ့ရင်လည်း ဖီအိုရင်တီးနား ဆလာနီတာနာအသင်းတွေရဲ့ နည်းပြဟောင်း လက်ရှိ ယူအေအီးကလပ် အယ်လ်အာလီနည်းပြ ဆိုဆာကို အလိုရှိနေပါတယ်။

Exit mobile version