ကိုယ်အားပေးနေတဲ့ ကလပ်အသင်းက ကစားသမားတစ်ယောက်က မြို့ခံပြိုင်ဘက်အသင်းဆီကို ပြောင်းရွှေ့သွားတာမျိုး ဒါမှမဟုတ် ကိုယ်အားပေးတဲ့အသင်းမှာ ပါဝင်ကစားခဲ့ဖူးပြီး အသင်းမှာလည်း အောင်မြင်မှုတွေကို ရယူထားနိုင်တဲ့ ကစားသမားမျိုးက မြို့ခံပြိုင်ဘက်အသင်းဆီ ပြောင်းရွှေ့ကစားတာမျိုးကို လက်သင့်မခံနိုင်လောက်အောင် စိတ်ပျက်ကြရတတ်ပြီး တစ်ခါတစ်လေဆိုရင် ဒီလိုကစားသမားမျိုးကို သစ္စာဖောက်ကစားသမားတွေလို့ပါ သုံးနှုန်းတတ်ကြပါတယ်။ အခုလည်း အဲရစ်ဆင်ဟာ စပါးပရိသတ်တွေအတွက် စိတ်ပျက်သွားစေနိုင်မယ့် အပြောင်းအရွှေ့တစ်ခုကို လုပ်ဆောင်သွားဖို့ နီးစပ်လျက်ရှိနေပါတယ်။

Photo Credit : Sempreinter

အသက်(၂၈)နှစ်အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ စပါးအသင်းကနေ အင်တာမီလန်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၂၇)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့် အဲရစ်ဆင်ဟာ အီတလီမြေမှာတော့ စပါးမှာတုန်းကလို ခြေစွမ်းမျိုးကို ပြသနိုင်ဖို့အတွက် ရုန်းကန်နေရပြီး လက်ရှိမှာလည်း အသင်းနဲ့ အံ့မဝင်တာကြောင့် အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ထားခံနေရသလို လာမယ့်ဆောင်းရာသီမှာလည်း သင့်တင့်တဲ့ ကမ်းလှမ်းမှုတွေ ရလာမယ်ဆိုရင် အဲရစ်ဆင်ကို အသင်းကနေ ပြန်လည်ရောင်းချသွားဖို့ ရှိနေပါတယ်။

Photo Credit : Daily Express

လက်ရှိအချိန်မှာ အဲရစ်ဆင်ဟာ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လျက်ရှိနေပြီး အာဆင်နယ်ဘက်မှာ ကွင်းလယ်ကနေ ဖန်တီးအားကောင်းတဲ့ ကစားသမားမျိုးကို အလိုရှိနေသလို အသင်းရဲ့ ရှိရင်းစွဲ ကစားသမား အိုဇေးကိုလည်း အသင်းမှာ ပြန်လည်သုံးစွဲဖို့ အစီအစဉ်မရှိတာကြောင့် အဲရစ်ဆင်ကိုပဲ ခေါ်ယူဖို့ ပိုမိုပစ်မှတ်ထားလာခဲ့ရတာဖြစ်ပါတယ်။ တကယ်တော့ အာဆင်နယ်ဟာ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ ဟန်ဂေရီလူငယ် ကွင်းလယ်ကစားသမား ဒိုမီနစ်ဆာဘော့ဇ်လိုင်းကို ခေါ်ယူချင်နေတာဖြစ်ပေမယ့် ကစားသမားက လိုက်ပ်ဇစ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတာကြောင့် အဲရစ်ဆင်ကိုပဲ ပြောင်းလဲပစ်မှတ်ထားနေရတာဖြစ်ပါတယ်။ အဲရစ်ဆင်ကလည်း အာဆင်နယ်ရဲ့ ခါးသီးမြို့ခံပြိုင်ဘက် စပါးအသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်နေတာမို့ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့က အနည်းငယ်စဉ်းစားစရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တကယ့်ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်အနေနဲ့ ကိုယ်အဆင်ပြေနိုင်မယ့် အသင်းဆီကို ပြောင်းရွှေ့တာက သာမာန်အပြောင်းအရွှေ့လိုပဲ ဖြစ်နေစေမှာပါ။ လတ်တလော သတင်းတွေအရ အဲရစ်ဆင်ကိုယ်တိုင် အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စတွေအတွက် ဆွေးနွေးချင်နေတယ်လို့ သိရှိရပါတယ်။