MySport Myanmar

ရီးယဲလ် စပါးတို့ရဲ့ တိုက်စစ်မှူးဟောင်းကြီး ကစားသမားဘဝမှ တရားဝင် အနားယူ

ရီးယဲလ် မက်ဒရစ် ၊ တော့တင်ဟမ် ဟော့စပါး ၊ ဗလင်စီယာ နဲ့ ဗီလာရီးယဲလ်အသင်းတို့ရဲ့ စပိန် ကစားသမားဟောင်းကြီး တိုက်စစ်မှူး ရောဘတ်တို ဆိုလ်ဒါဒိုကတော့ သူရဲ့ ကစားသမားဘဝကနေ တရားဝင် အနားယူသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

အသက် (၃၈)နှစ်အရွယ် စပိန် တိုက်စစ်မှူးကြီး ဆိုလ်ဒါဒိုက အသက် (၁၅)နှစ်အရွယ်မှာပဲ ရီးယဲလ် လူငယ် အကယ်ဒမီဆီ စတင် ပူးပေါင်းခဲ့ပြီး ရီးယဲလ် လူငယ်အသင်းမှာ အတော်လေး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဆိုလ်ဒါဒိုက ၂၀၀၅ခုနှစ်မှာပဲ ရီးယဲလ် စီနီယာအသင်းအတွက် ပွဲထွက် ကစားခွင့် ရရှိခဲ့ပေမယ့်လည်း ရီးယဲလ်က ပွဲကစားခွင့်ကို သေချာ မပေးနိုင်လို့ နောက်ဆုံး ဂီတာဖေးဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : Eurosport

ဂီတာဖေးမှာ နှစ်ရာသီအတွင်း (၃၃)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဆိုလ်ဒါဒိုက ၂၀၁၀မှာ ဗလင်စီယာအသင်းဆီ ထပ်မံ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ဆိုလ်ဒါဒိုက ဗလင်စီယာမှာ ကစားသမားဘဝရဲ့ အမြင့်ဆုံး ခြေစွမ်းမျိုးတွေကို ပြသနိုင်ခဲ့ပြီး (၃)ရာသီအတွင်း စုစုပေါင်း ဂိုး (၈၀)အထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဗလင်စီယာမှာ ဂိုးသွင်းခြေ ကောင်းမွန်နေတဲ့ ဆိုလ်ဒါဒိုကို စပါးအသင်းက ခေါ်ယူခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ခေါ်ဆောင်ခဲ့ပေမယ့် ဆိုလ်ဒါဒိုက စပါးမှာ flop player ဖြစ်သွားခဲ့ရပြီး (၂)ရာသီထဲ (၁၆)ဂိုးသာ သွင်းနိုင်ခဲ့သလို အဲ့ဒီကနေ ဗီလာရီးယဲလ်အသင်းဆီ ရောက်ရှိချိန်မှာလည်း ဆိုလ်ဒါဒိုရဲ့ ခြေစွမ်းတွေ ပြန်မတတ်လာခဲ့ပဲ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Sky Sports

အဲ့ဒီကနေမှ တစ်ဆင့် ဖီနာဘာချီ ဂရန်နာဒါ နဲ့ လီဗန်တေးအသင်းတွေဆီ ဆက်တိုက် ပြောင်းရွှေ့ခဲ့တဲ့ ဆိုလ်ဒါဒိုက အဲ့ဒီအသင်းတွေမှာလည်း (၂)ရာသီစီသာ ကစားဖြစ်ခဲ့ပြီး အခု လီဗန်တေးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာပဲ အသင်းနဲ့ လမ်းခွဲရင်း ကစားသမားဘဝကိုပါ အဆုံးသတ်လိုက်ပါတယ်။

ရီးယဲလ်မှာ ကစားခဲ့စဉ်က လာလီဂါဖလားကို ဆွတ်ခူးခဲ့သလို ဗလင်စီယာမှာ ပါဝင်ခဲ့စဉ်ကလည်း လာလီဂါ ရွှေဖိနပ်ဆုပါ ပိုင်ဆိုင်ခဲ့သေးတဲ့ ဆိုလ်ဒါဒိုက စပိန် လက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း (၁၂)ပွဲ ကစားထားပြီး (၇)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အခုတော့ ဆိုလ်ဒါဒိုက သူရဲ့ (၁၉)နှစ်တာ သက်တမ်းရှိတဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို တရားဝင် အဆုံးသတ်လိုက်ပါတယ်။

Exit mobile version