မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ နယ်သာလန်အမှတ်ပေးလိဂ်ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်အသင်းတစ်သင်းဖြစ်တဲ့ NAC ဘရီဒါအသင်းမှာ ပါဝင်ကစားလို့နေတဲ့ လူငယ်ကစားသမားလေး ဂျိုရှုအာဘူအီက သူနဲ့ယူနိုက်တက်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်းဟိုဆေးမော်ရင်ဟိုကို ပြစ်တင်ဝေဖန်သွားခဲ့ပြီး မော်ရင်ဟိုကြောင့်ပဲ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့ရတာဖြစ်ပြီး သူ့လို နည်းပြမျိုးကို အသင်းကနေ ထုတ်ပယ်လိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာကလည်း မှန်ကန်ခဲ့တယ်လို့ ထောက်ခံပြောဆိုလိုက်ပါတယ်။

Photo Credit : Planet Football

အသက်၂၁နှစ်အရွှယ်ရှိ အင်္ဂလန်လူငယ်ကစားသမားလေး ဘူအီက “ဟိုဆေး ယူနိုက်တက်ကို ရောက်လာချိန်ကတည်းက ကျွန်တော့်မှာ ဘာအခွင့်အရေးမှကို မရခဲ့ဘူး။ နောက်ပြီး အိန်ဂျယ်ဂိုးမက်စ်တို့ မေဆန်ဂရင်းဝုဒ်တို့ တာဟစ်ချောင်တို့အတွက်လည်း ဘာအခွင့်အရေးကိုမှ မရခဲ့တာ။ ဒါပေမယ့် အိုလေရောက်လာခဲ့ချိန်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီး အသင်းကလည်း ပုံစံတစ်မျိုးပြန်ဖြစ်သွားခဲ့ပါတယ်။ တချို့သတင်းမီဒီယာတွေမှာ ဖော်ပြထားသလို ဟိုဆေးက ကျွန်တော့်ကို အကောင်းဆုံးတွေ သင်ကြားပေးခဲ့တယ်ဆိုတာ တကယ်တမ်းတော့ မဟုတ်ပါဘူး။ သူရဲ့လက်အောက်မှာ ကစားနေရင်းနဲ့ ကျွန်တော့်အတွက် တိုးတတ်မယ့်လမ်းကို မမြင်နိုင်တော့တာ”

Photo Credit : Twitter

“လေ့ကျင့်ရေးကွင်းအတွင်းမှာဆိုရင်လည်း သူကျွန်တော့်ကို စကားလုံးဝကို မပြောဘူး။ တစ်ခါတစ်လေ ကျွန်တော်ပုံစံကောင်းပြနိုင်ခဲ့ရင်တောင် အသိအမှတ်အပြုခံခြင်း မခံခဲ့ရပါဘူး။ ဒီတော့ သူကျွန်တော့်ဆီကို ဘာတွေများလိုအပ်နေသလဲဆိုတာ မသိနိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။ သူက ကစားသမားတွေကို မချဉ်းကပ်တတ်တဲ့သူလို့ပဲ ထင်မိတယ်။ လေ့ကျင့်ရေးကွင်းအတွင်းမှာ ကျွန်တော်အကောင်းဆုံးကစားနိုင်တယ်လို့ ထင်ရင်တောင် သူက ကျွန်တော့်ကို လုံးဝအားပေးစကားမပြောဘူး။ တစ်ခုခုမှာ တိုးတတ်ကောင်းမွန်နေတယ်ဆိုရင်လည်း သူက ဒီအတိုင်းပဲပြုမှုတယ်။ သူ့ကို အသင်းကနေ ထုတ်ပယ်လိုက်တာကတော့ မှန်ကန်တဲ့ လုပ်ရပ်ပါပဲ။ ယူနိုက်တက်က သူရဲ့ဟန်ပန်နဲ့လည်း ဘယ်လိုမှကို မလိုက်ဖက်ဘူး” လို့ ဝေဖန်ခဲ့ပါတယ်။ မော်ရင်ဟိုဟာ လက်ရှိမှာတော့ စပါးနည်းပြအဖြစ် ဆောင်ရွှက်နေပြီး လတ်တလောမှာလည်း စပါးအသင်းအတွက် ရလဒ်ကောင်းတွေ မယူဆောင်ပေးနိုင်လို့ ဝေဖန်မှုတွေကို အလူးအလဲခံနေရပါတယ်။