မန်ချက်စတာယူနိုက်တက်အသင်းမှာ ပရိသတ်အချစ်တော် ကစားသမားတစ်ဦး ဖြစ်ခဲ့ရတဲ့ အန်ဒါဟာရဲရားဟာ ၂၀၁၉ခုနှစ်က ယူနိုက်တက်ကနေ ပီအက်စ်ဂျီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ရပြီး အခု ယူနိုက်တက်ရဲ့ UTD Podcast အစီအစဉ်နဲ့ အင်တာဗျူး ပြုလုပ်ရာမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖြစ်ခဲ့ရတဲ့ အကြောင်းတွေကို ဝမ်းနည်းစွာနဲ့ ပြောပြလာခဲ့ပါတယ်။

Photo Credit : Goal

၂၀၁၄ခုနှစ်မှာ လာလီဂါကလပ် ဘီလ်ဘာအိုကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တဲ့ စပိန် ကွင်းလယ်လူ ဟာရဲရားဟာ ယူနိုက်တက်နဲ့ (၄)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့ပြီး အသင်းနဲ့လည်း (၅)ရာသီအထိ ဖြတ်သန်းဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ဖလား အက်အေဖလား လိဂ်ဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့ ဟာရဲရားဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန် ၂၀၁၉ခုနှစ်မှာတော့ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ပြီး ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ အခု ယူနိုက်တက်နဲ့ အင်တာဗျူးချိန်မှာတော့ ဟာရဲရားက “မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ရတာ ခက်ခဲခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မထွက်ခွာခင် (၅)လ (၆)လလောက်အလိုမှာ ဒီမှာ ဆက်နေဖို့အတွက် ကမ်းလှမ်းချက် ရောက်လာမယ့်လို့ မျှော်လင့်မိခဲ့တာကြောင့်ပါ”

Photo Credit : The Mirror

“ဘယ်သူ့အကြောင်းမှ မကောင်းပြောရမယ့် အချိန်မဟုတ်သလို ကျွန်တော်လည်း ဒီလို ပြောဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် ကလပ်အသင်းနဲ့ တတိယရာသီအပြီးမှာတော့ ကျွန်တော် ကလပ်အသင်းဆီကနေ နည်းနည်းပိုပြီး မျှော်လင့်ခဲ့တယ်။ ပရိသတ်တွေကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ကျွန်တော် ရရှိခဲ့ပေမယ့် အသင်းက ကျွန်တော့်ကို စာချုပ်သစ် မချုပ်ဆိုပဲ တခြားကစားသမားတွေကိုပဲ စာချုပ်ချုပ်ဆိုဖို့ လုပ်ဆောင်ခဲ့တယ်။ ရိုးရိုးသားသားပြောရရင် အဲဒါက ကျွန်တော့်အတွက် နာကျင်စရာပါပဲ။ စာချုပ်ချုပ်ဖို့အတွက် ထိုက်တန်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် သူတို့ မလုပ်ခဲ့ဘူး။ အဲ့ဒီနောက်တော့ ကလပ်နဲ့ ရှိနေရတဲ့ ခဏတာမှာ ကျွန်တော် မပျော်တဲ့အတွက် အခြေအနေတွေ ပြောင်းသွားခဲ့တယ်။ ကလပ်အသင်းကိုတော့ ကျွန်တော် မကောင်းမပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဒီအသင်းကို ကျေးဇူးအရမ်းတင်လို့ပါ။ ဒါပေမယ့်လည်း နည်းနည်းတော့ နာကျင်ရတယ်။ တတိရာသီပြီးဆုံးချိန် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုနဲ့ ဖလား(၃)လုံး ရယူထားနိုင်ခဲ့သူကို နည်းနည်းလေးမှ ဆွေးနွေးခြင်းမရှိတာကို စိတ်ပျက်မိတယ်။ ပြီးတော့ စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်တော့မှ သူတို့ လုပ်ဆောင်လာတာတွေက ကျွန်တော့်အတွက် အဆင်မပြေတော့ဘူး။ နောက်ဆုံးနေ့အထိ ကျွန်တော် တိုက်ပွဲဝင်ခဲ့တယ်။ ဘာပြသနာမှလည်း မရှိခဲ့ဘူး။ နောက်ဆုံးနေ့အထိ ကျွန်တော့်စာချုပ်အပေါ် လေးစားခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်တော့်အမြင် ၊ ကျွန်တော့်အေးဂျင်ရဲ့အမြင် ၊ ကျွန်တော့်မိသားစုရဲ့အမြင်နဲ့ ထပ်တူကျမယ့် မှန်ကန်တဲ့ လုပ်မျိုးကိုတော့ သူတို့ မလုပ်ဆောင်နိုင်ခဲ့ဘူး” လို့ ဝမ်းနည်းစွာနဲ့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။