ဘယ်လ်ဂျီယံ ထိပ်သီးကလပ် ကလပ်ဘရုဂေးအသင်းဟာ အသင်းနည်းပြ စကော့ပါ့ကားကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် နောက်ထပ် နည်းပြသစ်တစ်ဦးကို ရှာဖွေလျက် ရှိနေရာ မန်ယူနိုက်တက် နည်းပြဟောင်း အိုလေဂန်နာဆိုးလ်ရှားဟာလည်း ဘရုဂေး အလိုရှိနေတဲ့ နည်းပြစာရင်းထဲမှာ အပါအဝင် ဖြစ်နေတယ်လို့ သိရှိရပါတယ်။

ဘရုဂေးအသင်းဟာ ဘုန်းမောက် နည်းပြဟောင်း ပါ့ကားကို ဇန်နဝါရီလပိုင်းလောက်မှာ အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် ပါ့ကားလက်အောက်မှာ ဘရုဂေးက (၁၂)ပွဲကစား (၂)ပွဲသာ အနိုင်ရခဲ့တဲ့အပြင် ချန်ပီယံလိဂ်မှာဆိုရင်လည်း ဘင်ဖီကာကို နှစ်ကျော့ပေါင်း (1-7) ဆိုတဲ့ ရလဒ်နဲ့တောင် ရှုံးနိမ့်ခဲ့တာကြောင့် မတ်လထဲမှာပဲ ရာထူးကနေ ဖယ်ရှားပစ်လိုက်ပါတယ်။ လက်ရှိမှာတော့ ဘရုဂေးအသင်းဟာ အသင်းလက်ထောက်နည်းပြနဲ့သာ အခု လက်ကျန်ရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး ကလပ်အသင်းအတွက် နည်းပြသစ် တစ်ဦးကိုလည်း ရှာဖွေလျက် ရှိနေရာ အသင်းရဲ့ shortlist ထဲမှာတော့ ဆိုးလ်ရှားပါ ပါဝင်နေတယ်လို့ သိရပါတယ်။

Photo Credit : The Japan Times

ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း နည်းပြဟောင်းဖြစ်သူ ဆိုးလ်ရှားက ယူနိုက်တက်နဲ့ မော်ရင်ဟိုတို့ လက်တွဲဖြုတ်သွားချိန်မှာ ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့ရင်း (၁၉)ပွဲ ကိုင်တွယ်ခဲ့ချိန် နိုင်ပွဲက (၁၄)ပွဲအထိ ရှိခဲ့ရတာကြောင့် ဆိုးလ်ရှားက ယူနိုက်တက်ရဲ့ အမြဲတမ်း နည်းပြပါ ဖြစ်လာခဲ့ရပါတယ်။ ဒါပေမယ့် အသင်းကြီး တစ်သင်းမှာ နည်းပြလုပ်ဆောင်ထားတဲ့ အတွေ့အကြုံတွေ နည်းပါးတဲ့ ဆိုးလ်ရှားက ယူနိုက်တက်ကို ပုံစံကောင်းတစ်ခုမှာ တသမတ်တည်း ရှိနေအောင် မလုပ်ဆောင်ပေးနိုင်တာကြောင့် နောက်ဆုံး အသင်းနဲ့ပါ လမ်းခွဲခဲ့ရပါတယ်။

Photo Credit : Manchester Evening News

နည်းပြဘဝအတွင်း နော်ဝေကလပ် မိုလ်ဒီ ကာဒစ်စီးတီးနဲ့ ယူနိုက်တက် (၃)သင်းကိုသာ ကိုင်တွယ်ထားဖူးတဲ့ အသက်(၅၀)အရွယ် နော်ဝေသားကြီး ဆိုးလ်ရှားက ၂၀၂၁ခုနှစ် နိုဝင်ဘာလကတည်းက အသင်းလက်မဲ့ ဖြစ်နေရတာကြောင့် ဘောလုံးနယ်ပယ်ထဲကို ပြန်လည် ဝင်ရောက်လာဖို့ ဆန္ဒရှိနေပြီး ကလပ်ဘရုဂေးဘက်ကလည်း ဆိုးလ်ရှားအပြင် နာဂယ်စမန်းရဲ့ လက်ထောက်နည်းပြ ဒီနိုထရော့မယ်လာ ဆဲလ်တစ်နည်းပြဟောင်း ရွန်နီဒိုင်လာတို့ကိုပါ ချိန်ရွယ်ထားလျက် ရှိနေပါတယ်။