ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ လီဗာပူးလ်အသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဝိုင်နယ်လ်ဒမ်းက သူရဲ့အသင်းသစ်မှာ နည်းပြပိုချက်တီနိုရဲ့ နေရာပေးမှုကို သိပ်မရရှိတာကြောင့် အပြည့်အဝ ပျော်ရွှင်မှု ရှိမနေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sports Illustrated

အသက်(၃၀)အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် လီဗာပူးလ် ကွင်းလယ်ကစားသမားဟောင်း ဝိုင်နယ်လ်ဒမ်းဟာ လီဗာပူးလ်အသင်းနဲ့ (၅)ရာသီ ဖြတ်သန်းခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့သလို အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ်နဲ့လည်း ပွဲစဉ်ပေါင်းများစွာကို ပါဝင်ကစားခဲ့ရပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းဆီကို ရောက်ရှိသွားချိန်မှာတော့ နည်းပြပိုချက်တီနိုက အသင်းရဲ့ ကွင်းလယ်ပို်င်းမှာ ဟာရဲရားနဲ့ ဂေးယီတို့ကိုပဲ ပိုမိုနေရာပေးလေ့ရှိသလို ဝိုင်နယ်လ်ဒမ်းမှာလည်း ပီအက်စ်ဂျီအသင်းရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ကစားနေရတဲ့အပေါ် စိတ်ပျက်လက်ပျက် ဖြစ်လာခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဝိုင်နယ်လ်ဒမ်းက “ကျွန်တော် အပြည့်အဝကို ပျော်ရွှင်နေရတယ်လို့ မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေက ကျွန်တော် ဖြစ်စေချင်တဲ့ အရာတွေ မဟုတ်လို့ပါပဲ။ ဒါပေမယ့် ဒါက ဘောလုံးပဲလေ။ ဒီလို ဖြစ်ရပ်မျိုးတွေနဲ့ အကျွမ်းတဝင် ဖြစ်လာအောင် ကျွန်တော်ဘက်ကနေ လေ့လာသင်ယူသွားပါမယ်။ ကျွန်တော်က တိုက်ပွဲဝင်သူတစ်ယောက်ပါ။ ကျွန်တော်က ဖြစ်နေသမျှကို အကောင်းမြင်တတ်နေဖို့နဲ့ အခြေအနေတွေကို အပြောင်းအလဲ လုပ်ဆောင်နိုင်အောင်ပဲ ကြိုးစားသွားမှာပါ။ မကြာသေးမီ နှစ်တွေက ပွဲထွက်ကစားခွင့်တွေ များစွာရရှိခဲ့တယ်။ အမြဲတမ်း ကြံခိုင်နေပြီး အရမ်းလည်း ကောင်းအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ အခု အခြေအနေကတော့ ကွဲပြားခြားနားတဲ့ အရာတစ်ခု ဖြစ်လာခဲ့ပြီး အလေ့အကျင့်ရလာဖို့လည်း ကြိုးစားသွားမှာပါ။ ကစားသမားဘဝ ခြေလှမ်းသစ်တစ်လှမ်းကို လှမ်းဖို့ ကျွန်တော် မျှော်လင့်ထားခဲ့တယ်။ အဲ့ဒီအတိုင်းလည်း ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ဒါတွေက ခက်ခက်ခဲခဲနဲ့ကို ဖြစ်လာခဲ့ရတာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။