လီဗာပူးလ်အသင်းနဲ့ အင်္ဂလန်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဒန်နီမာဖီလ်ကတော့ သူရဲ့ပြိုင်ဘက်အသင်းတစ်သင်းဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်ပိုင်းပြသာနာနဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြဆိုးလ်ရှားအနေနဲ့ တိုက်စစ်မှာ Form အောက်လို့နေတဲ့ ပြင်သစ်တိုက်စစ်မှူုး အန်တိုနီမာစီယဲလ်ကို အထောင်တိုက်စစ်နေရာမှာ ဆက်လက်အသုံးပြုနေတာကနေ ရပ်တန့်လိုက်သင့်ပြီး မာစီယဲလ်အတွက် ပိုပြီးသင့်လျော်နိုင်မယ့်နေရာဖြစ်တဲ့ ဘယ်တောင်ပံတိုက်စစ်နေရာကိုသာ ပြောင်းလဲကစားစေသင့်တယ်လို့ တိုက်တွန်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Manchester Evening News

ယူနိုက်တက်အသင်းဟာ ဒီရာသီအစမှာပဲ လူကာကူနဲဲ့ဆန်းချက်ဇ်တို့လို တိုက်စစ်ကစားသမားနှစ်ဦးကို အသင်းကနေ လက်လွတ်ခဲ့သလို လက်ရှိမှာလည်း အသင်းအတွက် သွင်းဂိုးအများဆုံး တိုက်စစ်မှူး မားကပ်ရပ်ဖိုဒ့်ကလည်း ဒဏ်ရာပြသာနာကြောင့် အနားယူရနေရတာဖြစ်လို့ တိုက်စစ်မှာ မာစီယဲလ် လူငယ်တိုက်စစ်မှူးလေး ဂရင်းဝုဒ်တို့နဲ့ အတော်လေးကို ရုန်းကန်နေခဲ့ရပါတယ်။ ဒီလိုဖြစ်နေချိန်မှာ မာစီယဲလ်ကို အထောင်တိုက်စစ်မှာထားပြီး သူရဲ့အရည်အချင်းတွေကို မဖြုန်းတီးပစ်ပဲ ဘယ်တောင်ပံတိုက်စစ်နေရာမှာသာ ပြောင်းလဲသုံးစွဲလာသင့်တယ်လို့ ဒန်နီမာဖီလ်က တိုက်တွန်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Express

မာဖီလ်က “မာစီယဲလ်က သူဘောလုံးရသွားချိန်မျိုးမှာ ပိုပြီးအားကောင်းတတ်တဲ့သူပါ။ သူရဲ့ဘောလုံးကစားပုံအရဆိုရင် သူ့ဆီဘောလုံးရအောင်ပေး သူဒါကို အကောင်းဆုံးအသုံးချမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ဆိုတော့ လက်ရှိသူကစားနေရတဲ့ အပိုင်းနဲ့ပတ်သက်ပြီး သူ့အတွက် အဆင်ပြေပါ့မလားဆိုတာကို မေးမြန်းသင့်တယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ပြသာနာကလည်း ရပ်ဖိုဒ့် မာစီယဲလ် ဒင်နီရယ်ဂျိမ်းစ်တို့အားလုံးက ဘယ်ခြမ်းမှာ အကောင်းဆုံးကစားတတ်သူတွေ ဖြစ်နေတာပါပဲ။ ဂျိမ်းစ်ကတော့ သူရဲ့ပြေးအားအရ ညာဘက်မှာကစားလည်း ခြေစွမ်းပြနိုင်သေးသလို မာစီယဲလ်ကတော့ ဘယ်ခြမ်းမှာ ကစားတာအကောင်းဆုံးပါပဲ” လို့ အကြံပြုပြောဆိုသွားခဲဲ့ပါတယ်။ မာစီယဲလ်အနေနဲ့ အသင်းအတွက် အံ့ဝင်ခွင့်ကျ မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့ရင် ပြီးခဲ့တဲ့နွေစျေးကွက်တုန်းက လူကာကူအစား မာစီယဲလ်ရောင်းထုတ်ခဲ့သင့်တယ့်လို့လည်း မာဖီလ်က မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။