MySport Myanmar

အလုပ်သစ်တစ်ခု ရရှိဖို့ နီးစပ်နေတဲ့ အင်္ဂလန် နည်းပြဟောင်း ဆောက်ဂိတ်

ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန် ရက်ပိုင်းလေးအတွင်းမှာပဲ အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူးကနေ နုတ်ထွက်လိုက်တဲ့ နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ လက်ရှိမှာတော့ အလုပ်သစ်တစ်ခုကို လက်ခံရရှိဖို့ နီးစပ်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အင်္ဂလန်အသင်းကို လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်ကနေ စတင် ကိုင်တွယ်ခဲ့တဲ့ ဆောက်ဂိတ်ဟာ အင်္ဂလန်အတွက် ဘာဆုဖလား တစ်လုံးတစ်လေမှ မရယူပေးနိုင်ခဲ့ပေမယ့်လည်း ယူရို-၂၀၂၀နဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲအဆင့်တွေဆီ (၂) ကြိမ်ဆက်တိုက်အထိ ပို့ဆောင်ပေးနိုင်ခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း စတုတ္ထနေရာကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit : The Seattle Times

မက်မောလောက်စရာ အောင်မြင်မှုတွေကို မရယူပေးနိုင်ခဲ့သည့် ခေတ်အဆက်ဆက်က အင်္ဂလန်နည်းပြတွေ မလုပ်ဆောင်နိုင်ခဲ့တဲ့ အရာတွေကိုတော့ လုပ်ပြထားနိုင်ခဲ့တဲ့ ဆောက်ဂိတ်ကို အင်္ဂလန် ပရိသတ်တွေကသာ သဘောမကျပေမယ့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ကတော့ သက်တမ်းတိုးဖို့အထိပါ ပစ်မှတ်ထားခဲ့ပါသေးတယ်။ ဒါပေမယ့် ဆောက်ဂိတ်ကိုယ်တိုင်ကတော့ အင်္ဂလန်နဲ့ စာချုပ် မကုန်ဆုံးခင်မှာပဲ နည်းပြရာထူးကို စွန့်လွတ်သွားခဲ့ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင်လောက်ကတော့ ဆောက်ဂိတ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ သတင်းအထွက်ဆုံး ဖြစ်ခဲ့ရပြီး ယူရိုအပြီးမှာပဲ ဆောက်ဂိတ်က ယူနိုက်တက် နည်းပြသစ် ဖြစ်လာတော့မယ်လို့ တစ်ပေးခံရပေမယ့် ယူနိုက်တက်ကတော့ လက်ရှိနည်းပြ အဲရစ် တန်ဟက်ဂ်ကိုသာ သက်တမ်းတိုးမြှင့်လိုက်ပြီး အသင်းမှာ ဆက်လက် တာဝန်ပေးလိုက်ပါတယ်။

Photo Credit : Daily Mail

ဒါပေမယ့် ဆောက်ဂိတ်ကတော့ ယူနိုက်တက်နည်းပြ ဖြစ်မလာသည့်တိုင် သူ့အတွက် အလုပ်သစ်က ရှိလို့နေသေးပြီး ဒီအလုပ်ကတော့ နည်းပြအလုပ်မဟုတ်ပဲ နာမည်ကြီး ဗြိတိန်ရုပ်သံတစ်ခုဖြစ်တဲ့ BBC ရဲ့ Match of the Day အစီအစဉ်မှာ ဘောလုံးအကြောင်း သုံးသပ်တင်ဆက်သူ pundit အဖြစ် ဝင်ရောက် လုပ်ကိုင်ရမယ့် အလုပ်ပဲ ဖြစ်ပါတယ်။

ဒီ tv show က ဗြိတိန်မှာသာမကပဲ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ပါ အောင်မြင်ကျော်ကြားနေတာဖြစ်ပြီး ဆောက်ဂိတ်အနေနဲ့ ဒီအလုပ်ကို လက်ခံလိုက်မယ်ဆိုရင်တော့ သူ့ကို ပယ်ပယ်နယ်နယ် ဝေဖန်ထားခဲ့ဖူးတဲ့ အင်္ဂလန်ဘောလုံးသမားဟောင်းကြီး ဂယ်ရီ လိုင်နီကာနဲ့ တွဲဖက်လုပ်ကိုင်ရမှာပဲ ဖြစ်ပါတယ်။ BBC ဘက်ကလည်း သူတို့ရဲ့ show ကို ပိုမို အရှိန်မြင့်ဖို့အတွက် လိုင်နီကာနဲ့ ဆောက်ဂိတ်တို့ကို တွဲဖက် တာဝန်ပေးသွားချင်နေပါတယ်။

Exit mobile version