ခရစ်စတယ် ပဲလေ့စ် အသင်း ပိုင်ရှင်ဟောင်း ဆီမွန် ဂျော်ဒန်ကတော့ လက်ရှိရာသီ ပရီးမီးယား လိဂ် ပြိုင်ပွဲကို ဆက်လက်မကစားသင့်တော့ဘဲ ရပ်နားသင့်ပြီး ပရီးမီးယားလိဂ် ချန်ပီယံအသင်း၊ တန်းဆင်းအသင်း နဲ့ တန်းတတ်အသင်းတွေလည်း မရှိသင့်ပါဘူးလို့ ပြောသွားတာ ဖြစ်ပါတယ်။ ကမ္ဘာ့ အရပ်ရပ်က ဘောလုံး ပြိုင်ပွဲတွေကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ရပ်နားထားနေကြပြီး ဘောလုံး ပြိုင်ပွဲတွေ အားလုံးကို ဘယ်အချိန်မှာ ပြန်ပြီးကစားကြမလဲ ဆိုတာကိုလည်း လက်ရှိ အချိန်အထိ အချိန်အတိအကျ မသတ်မှတ်နိုင်ကြသေးဘဲ ပြန်စဖို့ မသေချာနေဆဲ ဖြစ်ပါတယ်။

Photo Credit: Sportbible

နယ်သာလန်နိုင်ငံက ပြည်တွင်း လိဂ် ပြိုင်ပွဲ နဲ့ ပြင်သစ်နိုင်ငံက ပြည်တွင်း လိဂ် ပြိုင်ပွဲတွေဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ဖျက်သိမ်းလိုက်ရပြီ ဖြစ်ပေမဲ့ ဥရောပက အခြား ပြည်တွင်း လိဂ်ပြိုင်ပွဲတွေကတော့ ဘောလုံး ပြိုင်ပွဲတွေကို ပြန်စတင်နိုင်မယ်လို့ သတင်းတွေ ထွက်လာပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၂) နေရာက မန်စီးတီးအသင်းကို ရမှတ် (၂၅) မှတ် ဖြတ်ပြီး ထိပ်ဆုံးက ဦးဆောင်နေတာကြောင့် ပရီးမီးယားလိဂ် ဖလား ရရှိဖို့ သေချာသလောက် ရှိနေပေမဲ့ ဆီမွန် ဂျော်ဒန်ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ မရှိသင့်ဘူးလို့ ပြောသွားပါတယ်။

Photo Credit: Sportbible

talkSPORTS မှာ ဆီမွန် ဂျော်ဒန်က “ကျွန်တော်တို့ အခြေအနေ တစ်ခုကို ရောက်ရှိနေပြီ။ အဲဒီ အခြေအနေက ကျွန်တော့်ရဲ့ အမြင်မှာ လက်ရှိရာသီကို ရပ်နားရမယ်လို့ ကျွန်တော် ထင်တယ်။ လီဗာပူးလ်အသင်းက ချန်ပီယံအသင်း မဖြစ်ရဘူး။ လိဒ်အသင်း တန်းမတတ်ရဘူး။ အက်စတွန်ဗီလာအသင်း တန်းမဆင်းရဘူး။ နော်ဝေ့ချ်အသင်း တန်းမဆင်းရဘူး။ ကျွန်တော်တို့က အဲဒီလို အခြေအနေမှာ တကယ် ရောက်ရှိနေပြီ။ ကျွန်တော် ကမ္ဘာ့နောက်ဆုံးနေ့ မရောက်ချင်သေးဘူး။ ကျွန်တော်တို့ ရောဂါ ဖြစ်နေတယ်။ အဲဒီရောဂါအတွက် ကျွန်တော်တို့မှာ ရောဂါကုဆေးတွေက မရှိသေးပြန်ပါဘူး။ ရောဂါက လူတိုင်းရဲ့ အလုပ်မှာ ပြဿနာ မရှိပါဘူး။ လူတိုင်းက ဘောလုံး ကစားသမားတွေလို ဘောလုံး မကန်ကြပါဘူး”လို့ အခိုင်အမာ ပြောကြားသွားတာ ဖြစ်ပါတယ်။