မန်စီးတီးအသင်း နဲ့ ဘာစီလိုနာအသင်းတို့မှာ ပါဝင် ကစားခဲ့ဖူးတဲ့ ကစားသမားဟောင်းကြီးဖြစ်သူ နိုလီတိုဟာ လက်ရှိမှာတော့ ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

စပိန်လက်ရွေးစင်ဟောင်းကြီး နိုလီတိုက သူရဲ့ (၁၈)နှစ်တာ သက်တမ်းရှိတဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း မနေ့ကပဲ ထုတ်ပြန်ခဲ့ပြီး ဒီလို အနားယူချိန်မှာတော့ နိုလီတိုရဲ့ အသက်က (၃၆)နှစ် ရှိနေပြီ ဖြစ်ပါတယ်။

Photo Credit : FootTheBall

တိုက်စစ် နဲ့ တောင်ပံတွေမှာ ကစားတတ်သူ နိုလီတိုဟာ အသက် (၂၂)နှစ်အရွယ်မှာပဲ ဘာစီလိုနာ အကယ်ဒမီဆီ ရောက်ရှိလာခဲ့ပြီး ဘာစီလိုနာ စီနီယာအသင်းအတွက်တော့ ပွဲအနည်းငယ်လေးသာ ပါဝင်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ နိုလီတိုက ဘာစီလိုနာရဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ကမ်းလှမ်းမှုကို ပယ်ချပြီး ဘင်ဖီကာအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

ဘင်ဖီကာနဲ့ ပွဲဦးထွက်ရာသီမှာ (၁၆)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ နိုလီတိုက လာလီဂါပြိုင်ပွဲဆီ ပြန်လာခဲ့ပြီး ဆယ်လ်တာဗီဂိုအသင်းနဲ့ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ကို နည်းပြ ဂွာဒီယိုလာက မန်စီးတီးအသင်းဆီ အရ ခေါ်ယူခဲ့ပြီး နိုလီတိုကတော့ အင်္ဂလန်မြေ ဘောလုံးကစားဟန်နဲ့ အံ့ဝင်ခြင်း မရှိပဲ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit : The Indian Express

စီးတီးမှာ တစ်ရာသီလေးပဲ ဖြတ်သန်းလိုက်ရတဲ့ နိုလီတိုက လာလီဂါကို ပြန်လာခဲ့ရပြီး ဆီဗီလာအသင်းမှာ (၃)နှစ်နီးပါး ပါဝင် ကစားသွားခဲ့ပါတယ်။ နောက်ပြီး ဆယ်လ်တာကိုပဲ ဒုတိယအကြိမ် ပြန်ရောက်လာခဲ့ပြန်တဲ့ နိုလီတိုက ဆယ်လ်တာမှာလည်း (၂)ရာသီဝက်လောက် ကစားခဲ့ပြီး မနှစ်ကပဲ ဆီဂန်ဒါ ကလပ်အသင်း အီဘီဇာကို ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။

စပိန် လက်ရွေးစင်အသင်းအတွက် (၁၆)ပွဲ ပါဝင်ကစားခဲ့ရင်း (၆)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ နိုလီတိုဟာ ကလပ်အသင်း ကစားသမားဘဝမှာတော့ ပြိုင်ပွဲစုံပွဲပေါင်း (၅၈၆)ပွဲအထိ ကစားခဲ့ရင်း (၁၄၁)ဂိုး သွင်းယူနိုင်ခဲ့သလို လာလီဂါဖလား (၁)ကြိမ် ယူရိုပါလိဂ်ဖလား (၁)ကြိမ် ရယူနိုင်ခဲ့ပါတယ်။