ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ဖူးတဲ့ ဂျာမန်ကွင်းလယ်ကစားသမားဟောင်းကြီး မိုက်ကယ်ဘောလက်က လီဗာပူးလ်အသင်းရဲ့ နယ်သာလန်လက်ရွေးစင် နောက်ခံကစားသမားဗန်ဒိုက်အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူတစ်ယောက်အဖြစ် ရွေးချယ်သတ်မှတ်ခံနေရတာဟာ ကံအလွန်ကောင်းလို့ဖြစ်ပြီး ဒီဘက်ခေတ်မှာ ဟိုယခင်ကလို အရည်အသွေးမြင့်မားလှတဲ့ တိုက်စစ်မှူးကောင်းတွေ ရှားပါးလာတာကြောင့် သူကစားရတာ ပိုမိုလွယ်ကူနေရတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Image

ပရီးမီးယားလိဂ်ပွဲပေါင်း တစ်ရာကျော်လောက် ပါဝင်ကစားခဲ့ဖူးတဲ့ ချယ်လ်ဆီးကွင်းလယ်လူဟောင်း မိုက်ကယ်ဘောလက်က ဗန်ဒိုက်အနေနဲ့ ပရီးမီးယားလိဂ်မှာ အွန်နရီ ဒရော့ဘာ ရှီးယားတို့လို တိုက်စစ်မှူးမျိုးတွေနဲ့ မဆုံရတော့တာက သူ့အတွက် အလွန်ကံကောင်းလှပြီး ဒီကံတရားကြောင့်ပဲ သူအခုလို ခံစစ်မှူးကောင်းတစ်ယောက်အဖြစ် အေးအေးဆေးဆေး ရပ်တည်နေနိုင်တာဖြစ်တယ်လို့ ကောက်ချက်ချ ပြောဆိုခဲ့ပါတယ်။ ဘောလက်က “ဗန်ဒိုက်အနေနဲ့ ဒရော့ဘာ ရှီးယား အွန်နရီ လမ်းပတ် ရူနီ ဗန်ပါစီ တဲဗက်ဇ် အဒီဘာယောတို့မရှိတော့တဲ့ ခေတ်ကာလအတွင်းမှာ ဘောလုံးကစားနေရတာ အရမ်းကို ကံကောင်းလွန်းပါတယ်”

Photo Credit : Getty Image

“ဒီကစားသမားကြီးတွေကလည်း သူ့ကို ဒီလိဂ်တစ်ခုလုံးရဲ့ အကောင်းဆုံးသော နောက်ခံလူလို့ သတ်မှတ်ကြမှာလည်း မဟုတ်ပါဘူး” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ဘောလက်ရဲ့ သုံးသပ်မှုအပေါ် လီဗာပူးလ်ဂန္တဝင်ကစားသမားဟောင်းကြီး စတိဗ်နီကိုးကတော့ လက်သင့်မခံပဲ ဗန်ဒိုက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာချက်တွေနဲ့ နည်းစနစ်ကြွဝမှုတွေကြောင့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဆိုတဲ့ တိုက်စစ်မှူးတွေနဲ့ ရင်ဆိုင်ရမယ်ဆိုလည်း ပြသာနာမရှိနိုင်ဘူးလို့ တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းကို ဆောက်သမ်တန်အသင်းကနေ ၂၀၁၈ခုနှစ် ဇန်နဝါရီလကမှ ကမ္ဘာ့စံချိန်တင်ပြောင်ရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို ရောက်ရောက်ချင်းနှစ်မှာပဲ အသင်းရဲ့ ခံစစ်လိုအပ်ချက်ကို အကောင်းဆုံးဖာထေးပေးနိုင်ခဲ့ကာ နောက်တစ်နှစ်မှာပဲ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဘလွန်းဒီအောဆုပေးပွဲ ဒုတိယနေရာထိ ရယူနိုင်ခဲ့တဲ့ ဗန်ဒိုက်ဟာ အခုလည်း လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် အမှတ်ပေးဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိလို့နေပါတယ်။