ချယ်လ်ဆီး ပီအက်စ်ဂျီနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ နည်းပြဟောင်း သောမတ်စ်တူဟယ်လ်က လက်ရှိမှာ အသင်းလက်မဲ့ နည်းပြတစ်ဦး ဖြစ်နေချိန် သူ့ကို ဂျာမန်ဘွန်ဒစ်လီဂါ ကလပ်အသင်းဖြစ်တဲ့ လေဗာကူဆင်အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း တူဟယ်လ်ကတော့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ဂျာမန်သတင်းမီဒီယာတွေမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : TEAMtalk

ချယ်လ်ဆီးအသင်းကို ဥရောပချန်ပီယံလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးထားနိုင်တဲ့ ဂျာမန်လူမျိုး ဘောလုံးနည်းပြ တူဟယ်လ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ (၇)ပွဲအထိ ကိုင်တွယ်ထားခဲ့ပေမယ့် ရှုံးပွဲ(၃)ပွဲနဲ့ သရေ(၁)ပွဲထိ ရှိထားခဲ့ရသလို နိုင်ပွဲကလည်း (၃)ပွဲသာ ရှိခဲ့ရတဲ့အတွက် ဒိုင်နမိုဇာဂရက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာပဲ အသင်းနည်းပြကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ကလပ်အသင်းလက်မဲ့ ဖြစ်သွားခဲ့ရပေမယ့် အရည်အသွေးမြင့်မားတဲ့ ဂျာမန်နည်းပြဖြစ်သူ တူဟယ်လ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေကြတဲ့ ကလပ်အသင်းတွေ များစွာ ရှိနေတာကြောင့် သိပ်မကြာခင်မှာပဲ အသင်းတစ်သင်းသင်းရဲ့ နည်းပြသစ် ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံနေရသလို လေဗာကူဆင်အသင်းကလည်း တူဟယ်လ်ကို ခန့်အပ်ဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။

Photo Credit : Bloomberg

ဘွန်ဒစ်လီဂါရဲ့ ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ လေဗာကူဆင်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာပါ အတော်လေးကို အခြေအနေ ဆိုးရွှားနေရပြီး နိုင်ပွဲ(၁)ပွဲ (၅)ပွဲရှုံးထားပြီး သရေ(၂)ပွဲနဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၁၇)အထိ ရောက်ရှိနေရတာကြောင့် လက်ရှိနည်းပြကို ရာထူးကနေ ထုတ်ပယ်ပြီး ဒေါ့မွန်နည်းပြဟောင်း တူဟယ်လ်နဲ့ အစားထိုးသွားချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပေမယ့်လည်း တူဟယ်လ်ကတော့ လေဗာကူဆင်ရဲ့ နည်းပြအဖြစ် ဆောင်ရွက်သွားဖို့ ဆန္ဒမရှိတာကြောင့် ပယ်ချခဲ့ပြီး လေဗာကူဆင်ထက် ပိုမို မြင့်မားတဲ့ အသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုကိုသာ ဆက်လက် စောင့်ဆိုင်းနေခဲ့ပါတယ်။ လတ်တလောမှာ တူဟယ်လ်ကို ဥရောပထိပ်သီး ကလပ်အသင်းတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကလည်း စောင့်ကြည့်လျက် ရှိနေပြီး ရီးယဲလ်က အသင်းရဲ့ ဝါရင့်နည်းပြကြီး အန်စလော့တီနေရာမှာ တူဟယ်လ်နဲ့ ရေရှည် အစားထိုးသွားချင်နေသလို ဘိုင်ယန်ကလည်း လက်ရှိနည်းပြ နာဂယ်စမန်းသာ ရလဒ် မတည်မငြိမ် ဖြစ်နေမယ်ဆိုရင် သူ့နေရာမှာ တူဟယ်လ်နဲ့ အစားထိုးဖွယ် ရှိနေပါတယ်။