အေစီမီလန် ချယ်လ်ဆီး ဗီလာရီးရဲလ် ဆော်ပေါ်လို တီအန်ကျင်း အစရှိတဲ့ ကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမားဟောင်း ပါတိုဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်လို့နေပေမယ့် သူ့ကိုခေါ်ယူဖို့အတွက် လိဂ်ချန်ပီယံရှစ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘာမင်ဂမ်စီးတီးအသင်းကနေ အထူးစိတ်ဝင်စားနေသလို အီတလီစီးရီးအေ ကလပ်အသင်းတွေဖြစ်တဲ့ ဂျီနိုအာနဲ့ စပီဇီယာ စီးရီးဘီကလပ်အသင်းတစ်သင်းဖြစ်တဲ့ မွန်ဇာတို့ကပါ အပြိုင်ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၃၁)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမားပါတိုဟာ ပြီးခဲ့တဲ့သြဂုတ်လအတွင်းမှာ ဆော်ပေါ်လိုအသင်းနဲ့ စာချုပ်သက်တမ်း ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်းကတည်းက အသင်းလက်မဲ့ဖြစ်သွားခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ပါတိုကို ချန်ပီယံရှစ်မှာ ရလဒ်ကောင်းတွေ ရယူဖို့ ရုန်းကန်နေရတဲ့ ဘာမင်ဂမ်စီးတီးအသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ အီတလီသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Calciomercato ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းမီဒီယာကနေ ဖော်ပြချက်အရ ပါတိုကို ဘာမင်ဂမ်အပြင် ဂျီနိုအာ စပီဇီယာနဲ့ မွန်ဇာတို့ အီတလီကလပ်အသင်းတွေကလည်း စိတ်ဝင်စားလို့နေပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့အတွက် ကြိုက်တဲ့အချိန် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

Photo Credit : Daily Mail

ပါတိုဟာ သူရဲ့ဘောလုံးသမားဘဝကို ဒေသတွင်းကလပ် အင်တာနာဆီယွန်နယ်အသင်းကနေ စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် အေစီမီလန်အသင်းကို ရောက်ရှိခဲ့ကာ အသင်းမှာ(၆)နှစ်အထိ ပါဝင်ကစားခဲ့ကာ ၂ဝဝရခုနှစ်ကနေ ၂၀၁ဝခုနှစ်အတွင်း အတောက်ပဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ဒဏ်ရာပြသာနာတွေကြောင့် ပါတိုရဲ့ခြေစွမ်းတွေ ကျဆင်းလာခဲ့လို့ ဘရာဇီးကလပ် ကိုရင်သီယန်အသင်းဆီ ပြောင်းရွှေ့ခဲ့ရပြီး အဲ့ဒီကနေ ၂၀၁၆ခုနှစ်မှာတော့ ချယ်လ်ဆီးအသင်းဆီ အငှားနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ပါတိုက ချယ်လ်ဆီးမှာတော့ (၆)လအတွင်း (၂)ပွဲလေးသာ ပါဝင်ကစားခဲ့ရသလို အက်စတွန်ဗီလာအသင်းနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ သွင်းဂိုး(၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီကနေ ဗီလာရီးရဲလ်ကို ထပ်မံပြောင်းရွှေ့ပြီး ခြေစွမ်းလုံးဝမပြနိုင်ခဲ့လို့ တရုတ်စူပါလိဂ်ကလပ် တီအန်ကျင်းအသင်းဆီ ရောက်ရှိသွားချိန်မှာတော့ မီလန်မှာ ပြသခဲ့ဖူးတဲ့ သူရဲ့ခြေစွမ်းကောင်းတွေအတိုင်း ပြန်လည်ပြသနိုင်ခဲ့ကာ အသင်းရဲ့ပွဲပေါင်း(၆၀)အတွင်း (၃၆)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပါတယ်။ ပါတိုဟာ တီအန်ကျင်းမှာ (၂)ရာသီဆက် ပါဝင်ကစားပြီးနောက်မှာတော့ ဘရာဇီးကလပ် ဆော်ပေါ်လိုကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာတော့ အသင်းလက်မဲ့ ဖြစ်နေရပါတယ်။