မန်စီးတီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ဂိုးသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဝါရင့်ချီလီဂိုးသမားကြီး ကလော်ဒီယိုဘရာဗိုဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးတဲ့နောက်မှာ အသင်းနဲ့လည်း စာချုပ်သက်တမ်း တိုးမြှင့်ခြင်းမရှိတော့ပဲ လမ်းခွဲဖို့ကိုသာ နှစ်ဦးသဘောတူ ဆုံးဖြတ်ခဲ့ပြီးနောက် သူကျင်လည်ခဲ့ဖူးတဲ့ စပိန်လာလီဂါပြိုင်ပွဲဆီကို ပြန်လည်ရောက်လာခဲ့ကာ လာလိီဂါကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်ဘက်တစ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၃၇)နှစ်အရွှယ်ရှိ ချီလီလက်ရွေးစင် ဂိုးသမားကြီးဖြစ်သူ ဘရာဗိုဟာ မန်စီးတီးအသင်းမှာ (၄)နှစ်တာ ဖြတ်သန်းခဲ့ပြီးတဲ့နောက် အသင်းမှာ နေရာရဖို့ မလွယ်ကူတော့တာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းနဲ့ လမ်းခွဲဖို့ကို ရွေးချယ်လိုက်တာဖြစ်ပြီး လာလီဂါကလပ် ဘက်တစ်အသင်းဆီကို တစ်ရာသီစာချုပ်နဲ့ အလွတ်ပြောင်းရွှေ့သွားဖို့ကို ဆုံးဖြတ်ခဲ့ပါတယ်။ ဥရောပအတွေ့အကြုံရင့် ဂိုးသမားကြီးဖြစ်သူ ဘရာဗိုဟာ ၂၀၀၆ခုနှစ်ထဲက စပိန်လာလီဂါကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဆိုစီဒက်အသင်းမှာ (၈)နှစ်အထိ ဖြတ်သန်းပြီးနောက် ဘာစီလိုနာအသင်းကို ရောက်ရှိခဲ့ကာ (၂)နှစ်အကြာမှာပဲ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : FC Barcelona

ဘရာဗိုဟာ လက်ရှိအချိန််မှာ အသက်အရွှယ်အရ အကျဘက်ကို အနည်းငယ်ရောက်နေပြီဖြစ်ပေမယ့်လည်း တကယ့်ကို အောင်မြင်ခဲ့တဲ့ ဂိုးသမားကြီးတစ်ယောက်ဖြစ်ပြီး အသင်းဟောင်း ဘာစီလိုနာနဲ့ တစ်ရာသီအတွင်းမှာပဲ ဆုဖလား(၃)လုံးကို အရယူနိုင်ခဲ့သလို ချီလီလက်ရွေးစင်အသင်းနဲ့လည်း ကိုပါအမေရိကဖလားကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ ဒီလိုဂိုးသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပို်င်ဆိုင်လိုက်ရတဲ့ ဘက်တစ်အသင်းအနေနဲ့ အသင်းအတွက် အရမ်းကို အကျိုးရှိစေတဲ့ ခေါ်ယူမှုဖြစ်စေခဲ့ရပြီး ဘရာဗိုမတိုင်ခင် ဘရိုက်တန်အသင်းရဲ့စပိန်နောက်ခံကစားသမား မာတင်မွန်တိုယာကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ပါ ခေါ်ယူထားခဲ့ပါသေးတယ်။ ဘက်တစ်အသင်းဟာ ပြီးခဲ့တဲ့ သြဂုတ်(၂၂)ရက်နေ့တုန်းက ကာဒစ်ဇ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားခဲ့ပြီး (၁)ဂိုး ဂိုးမရှိနဲ့ အနိုုင်ရထားခဲ့ပါတယ်။