စီးရီးအေကလပ် အတ္တလန်တာအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ ဝါရင့်ကွင်းလယ်ကစားသမားဟောင်းကြီး ကော်စတင်ဟာက ဂျုဗင်တပ်စ်တိုက်စစ်ကစားသမား ရော်နယ်ဒိုကို် မုန်းတီးနေကြသူများအားလုံးဟာ ရော်နယ်ဒိုရယူခဲ့တဲ့ အောင်မြင်မှုတွေအပေါ် မနာလိုစိတ်တွေရှိနေကြလို့သာ မုန်းတီးနေကြတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပြီး သူရဲ့ဂျူနီယာ အသင်းဖော်ဟောင်း ရော်နယ်ဒိုကို ချီးမွမ်းပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit : Goal

ရော်နယ်ဒိုနဲ့ ကော်စတင်ဟာတို့နှစ်ယောက်ဟာ ရော်နယ်ဒိုရဲ့ကစားသမားဘဝ ပထမဆုံးသော စတင်ဝင်ရောက်ယှဉ်ပြိုင်ဖူးတဲ့ နိုင်ငံတကာပြိုင်ပွဲကြီးဖြစ်တဲ့ ယူရို-၂၀၀၄မှာ ပေါ်တူဂီအသင်းဖော်တွေ စတင်ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ ကော်စတင်ဟာက ရော်နယ်ဒိုနဲ့ပတ်သက်ပြီး “သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် အရမ်းဖြစ်ချင်နေတယ်ဆိုတာကို သူနဲ့စတင်ဆုံတွေ့ချိန်မှာပဲ ချက်ချင်းသတိထားမိနိုင်ပါတယ်။ အကောင်းဆုံးကြိုးစားတယ်။ သူင တကယ့်ကိုလည်း အ့ံမခန်းပါပဲ။ သူ့ထက် အသက်ရော ဝါရောကြီးတဲ့ ကစားသမားကြီးတွေကို ရိုသေလေးစားတယ်”

Photo Credit : Getty Image

“နောက်ပြီး ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက် ဖြစ်လာဖို့ကိုလည်း အဲ့ဒီကစားသမားတွေဆီကနေ သူသိလိုသမျှတွေကို လိုက်မေးခွန်းထုတ်တတ်ပါတယ်။ တစ်စနဲ့တစ်စ သူက အသင်းရဲ့အရေးပါလှတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့တယ်။ သူရဲ့ခေါင်းဆောင်နိုင်မှုနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှုတွေက ပေါ်တူဂီအသင်းအတွက်လည်း အကျိုးရှိစေခဲ့တယ်။ သူက အရမ်းအလုပ်ကြိုးစားတယ်။ သူလိုချင်တဲ့အရာတွေ သူ့ဆီရောက်လာဖို့ အချိန်ကုန်ခံပြီး ထိုင်စောင့်နေတတ်တဲ့သူမျိုး မဟုတ်ဘူး။ ကစားသမားကောင်းတစ်ယောက် ဖြစ်လာနိုင်မယ့် နည်းလမ်းကိုပဲ သူက ရှာဖွေနေတတ်တာ။ တစ်စုံတစ်ယောက်က သူနဲ့ရင်ဆိုင်ခဲ့ရတဲ့ ကစားသမားတစ်ယောက် သူ့ထက်ကို ပိုကောင်းတယ်လို့များ ပြောလိုက်မိရင် အဲ့ဒီကစားသမားထက် သူကပိုသာတယ်ဆိုတာကို မရရအောင် ကြိုးစားပြတတ်တယ်။ ယူနိုက်တက်မှာ ဖာဂူဆန်လို နည်းပြမျိုးနဲ့ ဆုံတွေ့လိုက်ရတာကလည်း သူ့အတွက် အတော်လေးကို အကျိုးရှိစေခဲ့တယ်။ သူက အောင်မြင်မှုတွေကို ဒီလို ရယူခဲ့တယ်ဆိုပေမယ့်လည်း သင်မှာ မနာလိုတတ်တဲ့ စိတ်ရှိနေမယ်ဆိုရင်တော့ ရော်နယ်ဒိုကို ချစ်ခင်နိုင်ဖို့ဆိုတာက ဘယ်လိုမှဖြစ်နိုင်မှာ မဟုတ်ပါဘူး” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။