အာဆင်နယ် ဝက်စ်ဟမ်းယူနိုက်တက်အသင်းတို့ရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဂျက်ဝီရှိုင်းယားကတော့ လက်ရှိမှာ ချန်ပီယံရှစ်ကလပ် ဘုန်းမောက်အသင်းနဲ့ ကာလတိုစာချုပ်ချုပ်ဆိုထားပြီး အသင်းမှာ ပါဝင်ကစားနေလျက်ရှိနေပေမယ့် သူရဲ့ကစားသမားဘဝအတွင်း အခုလို အဆင့်မြင့်တန်းဖြစ်တဲ့ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲရဲ့အောက် ချန်ပီယံရှစ်လို ပြိုင်ပွဲမျိုးမှာ ဝင်ရောက်ဆင်နွဲရလိမ့်မယ်မှန်း ဘယ်တုန်းကမှ မတွေးမိခဲ့ဘူးလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၉)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း ဝီရှိုင်းယားဟာ အာဆင်နယ်လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး အသက်(၁၆)နှစ်အရွှယ်မှာပဲ အသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့သူဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ ကွင်းလယ်ကစားသမားဖြစ်ပေမယ့် ဒဏ်ရာပြသာနာတွေရဲ့ နှိပ်စက်မှုတွေကြောင့် သူရဲ့အာဆင်နယ်ကစားသမားဘဝက အဆုံးသတ်ခဲ့ရပြီး ၂၀၁၈မှာ ဝက်စ်ဟမ်းကို ရောက်ရှိခဲ့ရပြီး (၂)နှစ်အကြာမှာပဲ သူရဲ့ဝက်စ်ဟမ်းကစားသမားဘဝက အဆုံးသတ်သွားခဲ့ရပြန်ပြီး အသင်းလက်မဲ့ ကစားသမားဘဝကိုပါ ရောက်ရှိသွားခဲ့ရပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာတော့ သူ့ကို လေ့ကျင့်ခန်းပေးဆင်းထားတဲ့ ဘုန်းမောက်အသင်းနဲ့ ကာလတိုစာချုပ်ချုပ်ဆိုဖြစ်ခဲ့တဲ့ ဝီရှိုင်းယားက “ကျွန်တော်က ချန်ပီယံရှစ်ပြိုင်ပွဲမှာ လုံးဝမကစားဖူးသလို ချန်ပီယံရှစ်အသင်းတစ်သင်းအတွက်ကိုလည်း ပရီးမီးယားလိဂ်ဆီ တတ်လှမ်းနိုင်ဖို့ကိုလည်း မကြိုးစားခဲ့ဖူးပါဘူး။ ကျွန်တော့်ကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်တုန်းကသာ ဒီလိုအခြေအနေမျိုးမှာ ပါဝင်နိုင်မလားလို့သာ မေးလာခဲ့မယ်ဆိုရင် ကျွန်တော်ကတော့ No လို့ပဲ ဖြေခဲ့မိမှာ။ ဒါပေမယ့် ကျွန်တော်က အခု ဒီနေရာကို ရောက်နေပါပြီ။ အသင်းအတွက် တိုက်ပွဲဝင်သွားဖို့လည်း အသင့်ဖြစ်နေပြီ။ ဘုန်းမောက်ကိုလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်တတ်လှမ်းနိုင်ဖို့အတွက်ကိုလည်း အကောင်းဆုံးကြိုးစားပြီး ကူညီပေးသွားချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဝီရှိုင်းယားဟာ ဘုန်းမောက်အသင်းနဲ့ (၆)လစာ သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့တာဖြစ်ပြီး ဒါဘီကောင်တီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံရှစ်ပွဲစဉ်အတွင်း အသင်းအတွက် လူစားဝင်ကစားသမားအဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာ ဝီရှိုင်းယားရဲ့ ဘုန်းမောက်အသင်းက ချန်ပီယံရှစ်ရဲ့ အမှတ်ပေးဇယားအတွင်း အဆင့်(၆)နေရာမှာ ရပ်တည်လို့နေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်တတ်လှမ်းခွင့်ရနိုင်မယ့် ပလေးအော့အဆင့်ကို ရောက်ရှိနေတာမို့ အဆင့်(၆)အတွင်း သေချာပေါက် ရပ်တည်နိုင်အောင်တော့ ကြိုးပမ်းရဖွယ် ရှိနေပါတယ်။