MySport Myanmar

ယူနိုက်တက်ရဲ့ ကာရင်တန်ကွင်းမှာ လေ့ကျင့်ခန်းတွေ ဆင်းနေတဲ့ အဘာဒင်း ဂိုးသမားဟောင်း

စကော့တလန်ကလပ် အဘာဒင်းအသင်းရဲ့ ဂိုးသမားဟောင်းကြီးဖြစ်သူ ဂျိုး လူးဝစ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်း လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်ကွင်းမှာ ယူနိုက်တက် အကယ်ဒမီက ကစားသမားလေးတွေနဲ့ လေ့ကျင့်ခန်းတွေ ဆင်းနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၆)နှစ်အရွယ်ရှိ အင်္ဂလန် ဝါရင့် ဂိုးသမားကြီး လူးဝစ်ဟာ အဘာဒင်းအသင်းမှာ (၇)နှစ်နီးပါးလောက် ကျင်လည်ခဲ့သူဖြစ်ပြီး နောဝစ်ချ်စီးတီး လူငယ် အကယ်ဒမီထွက် ဂိုးသမားတစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာတော့ အသင်းလက်မဲ့ ကစားသမားတစ်ဦးလည်း ဖြစ်နေရပါတယ်။

Photo Credit : Sky Sports

အရပ် (၆)ပေ (၆)လက်မအထိ မြင့်မားတဲ့ ဝါရင့် ဂိုးသမားကြီး လူးဝစ်က ဖူလ်ဟမ် ကာဒစ် ဘလက်ပူးတို့လို အင်္ဂလန်ကလပ်အသင်းတွေမှာလည်း ပါဝင်ခဲ့သူဖြစ်ပြီး အဘာဒင်းမှာတော့ အချိန်အကြာဆုံးအဖြစ် ပါဝင်ကစားဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ လူးဝစ်ဟာ သူရဲ့ fitness အခြေအနေတွေ ကောင်းမွန်နေစေဖို့အတွက် မန်ယူနိုက်တက်အသင်းရဲ့ ကာရင်တန် လေကျင့်ရေးကွင်းမှာ အကယ်ဒမီက ကစားသမားလေးတွေနဲ့အတူ လေ့ကျင့်ခန်းတွေ ဆင်းလို့နေပြီး သူရဲ့ ကြံခိုင်မှုကိုလည်း အမြဲမပြတ် တည်ဆောက်လို့နေပါတယ်။

Photo Credit : Daily Record

သတင်းတွေရဲ့ ဖော်ပြချက်မှာတော့ ဂိုးသမားကြီး လူးဝစ်ဟာ ယူနိုက်တက်အသင်းနဲ့လည်း ရေတို အပြောင်းအရွှေ့တစ်ခုပါ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်ဟာ အသင်းရဲ့ အဓိက ဂိုးသမား အန်ဒရေ အိုနာနာကို မကြာခင်မှာ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲအတွက် စေလွတ်ရတော့မှာ ဖြစ်လို့ပါ။

အိုနာနာက ကင်မရွန်းအတွက် သွားရောက် ကစားချိန် အသင်းမှာ တူရကီ ဂိုးသမား ဘယင်ဒါ ရှိနေသေးပေမယ့် အသင်းရဲ့ တတိယ ဦးစားပေး ဂိုးသမား တွမ်ဟီတန်က ဒီဆောင်းဈေးကွက်မှာပဲ ထွက်ခွာဖွယ် ရှိနေတာကြောင့် လူးဝစ်ကို ဘယင်ဒါရဲ့ အရန်အဖြစ် ရေတို ခေါ်ယူဖို့လည်း ရှိလာနိုင်ပါတယ်။

Exit mobile version