ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း ဒီယေဂို ဖော်လန်ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး နူနက်ဇ်ကို သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ ကစားဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး နူနက်ဇ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘင်ဖီကာနဲ့ အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး ဘင်ဖီကာ အတွက် ပြိုင်ပွဲစုံမှာ ၄၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၄ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ နယူးကာဆယ်တို့ အပါအဝင် ဥရောပရဲ့ ထိပ်တန်းအသင်းတွေက နူနက်ဇ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး နူနက်ဇ်ကလည်း ရာသီကုန်မှာ ဘင်ဖီကာကနေ ထွက်ခွာဖို့ စိုင်းပြင်းနေကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

ဘင်ဖီကာကတော့ သူတို့အသင်းရဲ့ နံပါတ်တစ် တိုက်စစ်မှူး နူနက်ဇ်ကို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ ပြင်ဆင်ထားပြီး နူနက်ဇ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း လိုချင်နေကာ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က နူနက်ဇ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်းတွေ ဖြစ်နေကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဖော်ပြထားပါတယ်။

Photo Credit: Mirror

ဥရုဂွေးရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း ဖြစ်သူ ဖော်လန်ကတော့ သူနဲ့ တနိုင်ငံထဲသား နူနက်ဇ်ကို သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်မှာသာ မြင်တွေ့လိုနေပြီး နူနက်ဇ်ကလည်း တခြားအသင်းတွေကို ငြင်းပယ်ကာ မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးခဲ့ပါတယ်။

ဖော်လန်က – “နူနက်ဇ်က အရမ်းကို ကောင်းမွန်တဲ့ လူငယ် ကစားသမား တဦး ဖြစ်သလို ဒီရာသီမှာ ဘင်ဖီကာနဲ့အတူ သူ စွမ်းဆောင်ပြထားတာတွေက အထင်ကြီးစရာပါပဲ။ သူက ပေါ်တူဂီလိဂ်မှာတင် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာ မဟုတ်ပါဘူး။ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ မြင်တွေ့ရနိုင်ပါတယ်။ သူကက ကြီးမားတဲ့ အလားအလာတွေကို ပိုင်ဆိုင်ထားသလို မန်ချက်စတာ ယူနိုက်တက်နဲ့ သင့်တော်တဲ့ ကစားသမား တဦးပါ။ နူနက်ဇ်က မန်ချက်စတာ ယူနိုက်တက် အတွက် ဆိုးဝါးတဲ့ ခေါ်ယူမှု တခု မဖြစ်နိုင်ပါဘူး။ ပြီးတော့ ကျွန်တော်က သူ့ကိုလည်း မန်ချက်စတာ ယူနိုက်တက်မှာ မြင်တွေ့ချင်နေပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဆိုတာ ကစားသမားတိုင်း အပေါ် စိတ်ရှည်ပြီး နွေးထွေးမှု အပြည့် ပေးနိုင်တဲ့ ထိပ်သီးအသင်း တသင်းပါ။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်သွားတဲ့ ကစားသမားတိုင်းက သက်တောင့်သက်သာ ဖြစ်တဲ့ ပတ်ဝန်းကျင် တခုမှာ နေရလေ့ ရှိပါတယ်။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်မှာ ကစားခွင့် ရတာဟာ နူနက်ဇ်အတွက် ကြီးမားတဲ့ အခွင့်အလမ်းကောင်း တခုပါပဲ။ နူနက်ဇ်ကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းခွင့် ရဖို့ တခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်သင့်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။