မန်စီးတီးအသင်းရဲ့ တတိယဦးစားပေး ဂိုးသမားဖြစ်သူ ဝါရင့်ဂိုးသမားကြီး စကော့ကာဆန်ဟာ ဒီတစ်ပတ် လက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ပွဲထွက်ဂိုးသမားအဖြစ်နဲ့ ပါဝင်သွားရတော့မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မန်စီးတီးရဲ့ အဓိကဂိုးသမား အီဒါဆန်က လက်ရွေးစင်ပွဲကို သွားရောက်မကစားခဲ့တဲ့အတွက် ပွဲပယ်ခံထားရပြီး အရန်ဂိုးသမား စတက်ဖန်ကတော့ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ထားတာကြောင့် မန်စီးတီးအနေနဲ့ ကာဆန်ကို မဖြစ်မနေ သုံးစွဲရမယ့် အခြေအနေထိ ရောက်လာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : The Sun

ဘရာဇီးလက်ရွေးစင် ဂိုးသမား အီဒါဆန်ဟာ အခုရက်ပိုင်းအတွင်းမှာ ကျင်းပလျက်ရှိနေတဲ့ နိုင်ငံတကာ ရက်သတ္တပတ်အတွင်း ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကို ဆင်နွဲဖို့ အသင်းနဲ့ ပူးပေါင်းခြင်းမရှိတဲ့ ပရီးမီးယားလိဂ် အခြေစိုက် ဘရာဇီးကစားသမားတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်နေတာကြောင့် ဖီဖာဘက်ကနေ ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်လိုက်တာဖြစ်သလို အမေရိကန် ဂိုးသမား ဇက်စတက်ဖန်ကတော့ Covid-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိထားတာကြောင့် တစ်ဦးတည်းသီးသန့် နေထိုင်နေရတာ ဖြစ်ပါတယ်။

Photo Credit : Marca

ဒီလို အသင်းရဲ့ အဓိက ဂိုးသမားနဲ့ ဒုတိယ ဦးစားပေး ဂိုးသမားတို့ အသင်းအတွက် ပါဝင်ကစားပေးဖို့ ခက်ခဲနေချိန်မှာ အသင်းအတွက် ပွဲအနည်းငယ်ခန့်လေးသာ ပါဝင်ထားရသေးတဲ့ အသက်(၃၆)နှစ်အရွှယ်ရှိ ဝါရင့်ဂိုးသမားကြီး စကော့ကာဆန်ကို နေရာပေးဖို့ အကြောင်းဖန်လာရပါတယ်။ တကယ်လို့ မန်စီးတီးအသင်းအနေနဲ့ ကာဆန်ကို ကျော်လွန်ပြီး တခြားဂိုးသမားကိုသာ ရွေးချယ်မယ်ဆိုရင်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ အစိမ်းသက်သက် ဖြစ်နေမယ့် လူငယ်အသင်းရဲ့ ဂိုးသမားတွေကိုသာ ရွေးချယ်ရမှာဖြစ်လို့ ကာဆန်ကိုသာ ဦးစားပေးရဖွယ် ရှိနေပါတယ်။ ကာဆန်အနေနဲ့ လက်စတာနဲ့ ပွဲစဉ်မှာသာ မန်စီးတီးအတွက် ပါဝင်ကစားခွင့်ရမယ်ဆိုရင် ဒီပွဲက သူရဲ့ကစားသမားဘဝ နောက်ဆုံး(၁၀)နှစ်တာကာလအတွင်း ပါဝင်ကစားခွင့်ရခဲ့တဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ်ပွဲစဉ် ဖြစ်လာမယ်လို့လည်း သိရပါတယ်။ လီဗာပူးလ်ဂိုးသမား ကာဆန်ဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ မန်စီးတီးအသင်းဆီကို အလွတ်ပြောင်းရွှွေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယခင်ဘောလုံးရာသီ (၂)ရာသီအတွင်းမှာတော့ အငှားစာချုပ်နဲ့ လာရောက်ကစားခဲ့ပါသေးတယ်။