MySport Myanmar

မန်ယူကနေ အငှားနဲ့ ခေါ်ထားတဲ့ ဟန်ဒါဆန်ကို အပြီးသတ် ခေါ်ချင်နေတဲ့ ဖောရက်စ်

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တန်းတင်ကျန်ရစ်ဖို့ သေချာသွားတဲ့ နော်တင်ဟမ် ဖောရက်စ်က ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက် ကနေ တရာသီအငှားနဲ့ ခေါ်ယူထားတဲ့ ဂိုးသမား ဟန်ဒါဆန်ကို အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ဒင်း ဟန်ဒါဆန်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီထွက် ဂိုးသမား တဦး ဖြစ်ပြီး သူက ရှက်ဖီးလ် ယူနိုက်တက်ကို ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့် ရအောင် ကူညီပေးခဲ့ဖူးပါတယ်။

 

Photo Credit: Goal

ဒင်း ဟန်ဒါဆန်က အရည်အသွေးမြင့် ဂိုးသမား တဦး ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်မှာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒေးဗစ် ဒီဂီယာကို မကျော်ဖြတ်နိုင်တာကြောင့် ပွဲထွက်ခွင့် ရဖို့ အတွက် ယခုနှစ် ဘောလုံးရာသီ အစမှာပဲ မန်ချက်စတာ ယူနိုက်တက် ကနေ နော်တင်ဟမ် ဖောရက်စ်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

နော်တင်ဟမ် ဖောရက်စ်ဆီ ရောက်ရှိပြီးနောက် ဟန်ဒါဆန်က လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ခြေသလုံး ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် ရာသီကုန် အထိ အနားယူနေရပြီး နော်တင်ဟမ် ဖောရက်စ်က ဟန်ဒါဆန်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ပီအက်စ်ဂျီရဲ့ ဝါရင့် ဂိုးသမား နာဗက်ကို ဆောင်းဈေးကွက်မှာ ခေါ်ယူခဲ့ရပါသေးတယ်။

Photo Credit: Standard

ဟန်ဒါဆန်က နော်တင်ဟမ် ဖောရက်စ် အတွက် ရာသီပြည့် မကစားပေးနိုင်ခဲ့ပေမယ့် နော်တင်ဟမ် ဖောရက်စ်ရဲ့ တာဝန်ရှိသူတွေက သူ့ရဲ့ လက်စွမ်းကို သဘောကျတာကြောင့် လာမယ့် နွေဈေးကွက်မှာ ဟန်ဒါဆန်ကို အပြီးသတ် ခေါ်ယူဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ ဆွေးနွေးဖို့ စီစဉ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီးသတင်းထောက် ဆမ်မြူရယ် လက်ဟက်စ်ရဲ့ ဖော်ပြချက်အရ နော်တင်ဟမ် ဖောရက်စ်က ဟန်ဒါဆန်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ဟန်ဒါဆန်ကို ရောင်းချဖို့ ပြင်ထားတာကြောင့် နှစ်သင်းကြားမှာ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်တော့မယ်လို့ သိရပါတယ်။

Exit mobile version