ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ အန်ဒရေ ဆန်းတို့စ်က ပရီးမီးယားလိဂ်ရဲ့ အသင်းငယ် တသင်း ဖြစ်တဲ့ နော်တင်ဟမ် ဖောရက်စ်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားတော့မယ်လို့ သိရပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် အန်ဒရေ ဆန်းတို့စ်က ယခုနှစ် အစမှာပဲ ဘရာဇီးလ်ကလပ် ဗက်စကို ဒဂါးမား ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၁၂.၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ချယ်လ်ဆီးနဲ့ စာချုပ် ချုပ်ဆိုပြီးနောက် ဗက်စကို ဒဂါးမားမှာပဲ ၆လကြာအောင် ဆက်ကစားခဲ့ပါတယ်။

Photo Credit: Standard

အန်ဒရေ ဆန်းတို့စ်က ဇူလိုင်လ ၁ရက်နေ့မှာတော့ ချယ်လ်ဆီးနဲ့ လာရောက် ပူးပေါင်းခဲ့ပြီး သူက ချယ်လ်ဆီးရဲ့ ရာသီကြို ခြေစမ်းပွဲ တချို့မှာ ဝင်ရောက် ကစားရင်း အတွေ့အကြုံ ယူခဲ့ပါသေးတယ်။

အန်ဒရေ ဆန်းတို့စ်က ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိသလို အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် တဦး ဖြစ်တာကြောင့် တန်းမဆင်းရရေး အတွက် တတ်နိုင်သလောက် လူအင်အား ဖြည့်တင်းနေတဲ့ နော်တင်ဟမ် ဖောရက်စ်က ဆန်းတို့စ်ကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။

Photo Credit: Sports Buzz

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အန်ဒရေ ဆန်းတို့စ်က နော်တင်ဟမ် ဖောရက်စ်ရဲ့ ကမ်းလှမ်းမှု ရောက်ရောက်လာချင်းမှာပဲ အသင်းပြောင်းဖို့ ချက်ချင်း သဘောတူခဲ့သလို ချယ်လ်ဆီးကလည်း သူတို့ရဲ့ လူငယ်ကြယ်ပွင့် တဦးကို ပရီးမီးယားလိဂ်ကလပ်ဆီ အငှားချရမယ့် အခွင့်အရေးကောင်းကို လက်မလွှတ်ချင်တာကြောင့် နော်တင်ဟမ် ဖောရက်စ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံပေးခဲ့ပြီး နော်တင်ဟမ် ဖောရက်စ်ဟာ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ အန်ဒရေ ဆန်းတို့စ်ကို တရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်းအား တရားဝင် ကြေညာမယ်လို့ သိရပါတယ်။

နော်တင်ဟမ် ဖောရက်စ်က အန်ဒရေ ဆန်းတို့စ်ကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသမား ဒင်း ဟန်ဒါဆန်ကို အငှားနဲ့ ခေါ်ယူဖို့ ထပ်မံ ကြိုးစားနေပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ဟန်ဒါဆန်ကို အငှားထက် အပြီးသတ်သာ ရောင်းချချင်နေပါတယ်။