မနေ့ညက အီတီဟတ်ကွင်းမှာ ကျင်းပခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အိမ်ရှင်စီးတီးက (၂)ဂိုးပြတ် အနေအထားမျိုးနဲ့ (၃)ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အဲ့ဒီ(၃)ကြိမ်လုံးမှာ ရီးယဲလ်က ချေပဂိုးတွေ ပြန်သွင်းယူနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ (၄)ဂိုး (၃)ဂိုးဆိုတဲ့ ရလဒ်မျိုးနဲ့သာ မန်စီးတီးတို့ နိုင်ပွဲရသွားခဲ့ရပါတယ်။

Man City and Real Madrid played out a Champions League classic at the Etihad

Photo Credit : The Sun

မန်စီးတီးအသင်းဟာ ပထမပိုင်း (၁၁)မိနစ်လောက်ကတည်းက ပြိုင်ဘက်အသင်းကို (၂)ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသားကို ဦးဆောင်ခဲ့ရပေမယ့်လည်း ရီးယဲလ်က ပြန်ချေပလိုက် မန်စီးတီးက ထပ်သွင်းလိုက်နဲ့ နောက်ဆုံးမှာတော့ (၄)ဂိုး (၃)ဂိုးဆိုတဲ့ ရလဒ်ထိကို ဖြစ်သွားခဲ့ရပါတယ်။ နှစ်သင်းလုံး ဂိုးပေါက်တည့်ကန်ချက်တွေ အကြိမ်ရေ တူညီစွာ ရရှိခဲ့ပေမယ့်လည်း ဂိုးကန်ချက်မှာ အိမ်ရှင်အသင်းက ပိုသာခဲ့သလို ရရှိတဲ့ အခွင့်အရေးတချို့ကိုလည်း အသုံးမချနိုင်ခဲ့ လွဲချော်ခဲ့လို့သာ ဒီထက်ပို ပြတ်သားတဲ့ ရလဒ်မျိုး မထွက်ခဲ့ရတာ ဖြစ်ပါတယ်။

Phil Foden scored Man City's third goal of the game early on in the second half

Photo Credit : The Sun

စီးတီးနဲ့ ရီးယဲလ်တို့ဟာ လာမယ့်တစ်ပတ် ကြားရက် ဘာနေဗျူးကွင်းမှာ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပကျော့မှာ အနိုင်ရထားတဲ့ စီးတီးက ဖိုင်နယ်ကို တတ်လှမ်းဖို့ အခွင့်အရေး ပိုများနေတယ်ဆိုပေမယ့်လည်း နှစ်သင်းကြား (၁)ဂိုးတည်း ကွာဟနေမှုက ဘာမဆို ဖြစ်သွားနိုင်သေးတဲ့ အခြေအနေမျိုး ဖြစ်နေတဲ့အတွက် အီတီဟတ်မှာပဲ တစ်ခါတည်း အဖြေပေါ်သွားအောင် လုပ်ဆောင်နိုင်ခဲ့သင့်တယ်လို့ မန်စီးတီး ကြယ်ပွင့်ကစားသမား ဖိုဒန်က ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ ဖိုဒန်က “ပရိသတ်တွေအတွက်တော့ ဒါဟာ ဘောလုံးပွဲကောင်းတစ်ပွဲဆိုတာ သိသာထင်ရှားပါတယ်။ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကြိမ်ကြိမ် အောင်မြင်နေတဲ့ အသင်းနဲ့ ကစားနေရတာဖြစ်ပြီး ကျွန်တော်တို့သာ သူတို့ကို အခွင့်အရေးတွေ ပေးနေမိခဲ့မယ်ဆိုရင်တော့ သူတို့တွေ ကျွန်တော်တို့ကို ကောင်းကောင်းကြီး အပြစ်ပေးလာပါလိမ့်မယ်။ ဒါက ကျွန်တော်တို့တွေ ဒုတိယအကျော့မှာ လုပ်ဆောင်သွားရမယ့် အရာပါ။ ဒုတိယအကျော့ထိ အဆုံးအဖြတ် ခံယူရပါဦးမယ်။ ဒါက အရမ်းကောင်းတဲ့ ပွဲတစ်ပွဲပါ။ အဆုံးထိပါပဲ။ ကျွန်တော်တို့ တကယ်ကို ကောင်းမွန်စွာ စတင်ခဲ့ပြီး သူတို့ကိုလည်း သတ်ပစ်နိုင်ခဲ့တယ်။ ဒီလိုပွဲမျိုးမှာတော့ အခွင့်အရေးတွေကို အသုံးချသွားနိုင်ဖို့ ပိုမိုလိုအပ်ပါလိမ့်မယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။