MySport Myanmar

သူ့အတွက်တော့ ရော်နယ်လ်ဒိုကသာ အကောင်းဆုံး ကစားသမားလို့ ဟွိုင်လန်း ဆို

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားသစ် တိုက်စစ်မှူးလေး ရက်မက်စ် ဟွိုင်လန်းက ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို သူရဲ့ idol အဖြစ် ရွေးချယ်ထားရသလဲဆိုတဲ့ အကြောင်းအရင်းကို ရှင်းလင်း ပြောဆိုလာခဲ့ပါတယ်။

ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်းက ဒီနွေမှာ စီးရီးအေကလပ် အတ္တလန်တာအသင်းကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် (၇၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာ အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် စတင် ပါဝင်လာခဲ့ပါတယ်။

Photo Credit : Goal

အဲ့ဒီပွဲစဥ်မတိုင်ခင်မှာ ဟွိုင်လန်းက သူလေးစား အတုယူရတဲ့ ကစားသမားက ရော်နယ်လ်ဒိုဖြစ်ပြီး သူ့အနေနဲ့ ကစားသမား အများအပြားကြားကမှ ရော်နယ်ဒိုကိုပဲ သူရဲ့ idol အဖြစ် ဘာကြောင့် ရွေးချယ်ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး “ကျွန်တော် သိပ်ပြီး မငယ်တော့တဲ့အချိန်မှာပဲ အဖေက ကျွန်တော့်ကို ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ စပြီး မိတ်ဆက်ပေးခဲ့တယ်”

“ပြီးတော့ သူ့ကို အတုယူ အားကျစေဖို့လည်း တိုက်တွန်းခဲ့သေးတယ်။ ဘာကြောင့်လဲဆိုတော့ သူက စိတ်ပိုင်းဆိုင်ရာ အရမ်းအားကောင်းလွန်းတဲ့သူမို့ပါ။ အဲ့ဒါကြောင့်လည်း သူရဲ့ ကစားသမားဘဝအတွင်း အများကြီးကို အောင်မြင်ခဲ့ရတာ။ ကျွန်တော့်အတွက်တော့ ရော်နယ်လ်ဒိုက အကောင်းဆုံး ဘောလုံးသမားတစ်ယောက်ပါပဲ။”

Photo Credit : The Mirror

“သူမှာ အရည်အချင်းတွေ ရှိပေမယ့် ဒါတွေက သူ ဘယ်လောက်ထိ ကြိုးစား လုပ်ဆောင်ခဲ့ရသလဲဆိုတာရဲ့ ရလဒ်တွေပါ။ ကျွန်တော် မန်ယူနိုက်တက် ကစားသမားဟောင်းတွေရဲ့ အင်တာဗျူးကို ကြည့်မိတိုင်းမှာ သူတို့က ပြောကြတာက ရော်နယ်လ်ဒိုဟာ ယူနိုက်တက်ကို ပြီးပြည့်စုံပြီးသား ကစားသမား ဖြစ်မနေသေးပဲ သူရဲ့ ကြိုးစားမှုတွေကြောင့် တိုးတက်လာခဲ့တာပါတဲ့” လို့ ဟွိုင်လန်းက ပြောဆိုသွားခဲ့ပါတယ်။

ဟွိုင်လန်းအနေနဲ့ သူ့ idol ကြီး ရော်နယ်လ်ဒိုရဲ့ ကျောနံပါတ် (7) ကို ဝတ်ဆင်ချင်ပေမယ့်လည်း (7)က လက်ရှိမှာ ဟွိုင်လန်းလိုပဲ ဒီနွေမှ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့သူ ကွင်းလယ်ကစားသမား မေဆန်မောင့် ဝတ်ဆင်နေတာဖြစ်လို့ နောက်ထပ် ယူနိုက်တက်ရဲ့ legend ကြီး ရိုင်ယန်ဂစ်ရဲ့ ကျောနံပါတ် (11)ကိုသာ ဝတ်ဆင်ခဲ့ရပါတယ်။

Exit mobile version