MySport Myanmar

ကိန်းအတွက် အင်္ဂလန်ကလပ်ဆို သန်း(၁၅၀) အင်္ဂလန်ပြင်ပဆို သန်း(၁၀၀)

စပါးအသင်းဥက္ကဌ ဒန်နီရယ်လီဗီးကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမားကြီး ဟာရီကိန်းကို အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတွေ ခေါ်ယူချင်တယ်ဆိုရင် ကိန်းအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၁၅၀)အထိ တောင်းဆိုမှာ ဖြစ်ပေမယ့်လည်း အင်္ဂလန် ပြင်ပကလပ်တွေကသာ ကိန်းကို လိုချင်တယ်ဆိုရင်တော့ ယူရို သန်း(၁၀၀)သာ သတ်မှတ်သွားမယ်လို့ သိရပါတယ်။

Photo Credit : Football London

ဒီရာသီမှာ စပါးအသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး (၃၀)အထိ သွင်းယူပေးခဲ့ပေမယ့်လည်း အသင်းက ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ရသလို အသင်းရဲ့ ထုံးစံအတိုင်း ဆုဖလားလက်မဲ့ ရာသီနဲ့ ထပ်မံ အဆုံးသတ်ခဲ့ရပြန်ပါတယ်။ ကိန်းလို ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်ကစားသမား တစ်ဦးအနေနဲ့ အသက်အရွယ် (၃၀)နားကပ်နေတာတောင် အခုထိ မေဂျာ ဆုဖလားတွေကို မပိုင်ဆိုင်နိုင်သေးတာက မဖြစ်သင့်ပဲ အခုထက်မက ပိုမို အောင်မြင်ဖို့အတွက် စပါးထက် ပိုကောင်းမွန်တဲ့ အသင်းကြီး တစ်သင်းသင်းဆီကို ပြောင်းရွှေ့သင့်နေပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် ကိန်းကိုယ်တိုင်က စပါးမှာပဲ ဆက်လက် ရှိနေရင်လည်း ပြသာနာ မရှိသလို စပါးဘက်ကလည်း သူတို့အတွက် အရေးပါတဲ့ ကစားသမားကို လက်မလွတ်နိုင်ပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေပါတယ်။ ဒီအချိန်မှာ ကိန်းကို ခေါ်ယူချင်လို့ ကမ်းလှမ်းလာမယ်ဆိုရင် ကမ်းလှမ်းလာမယ့် အသင်းတွေက ပရီးမီးယားလိဂ်က ကလပ်အသင်းတွေ ဖြစ်နေရင် ကိန်းအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၁၅၀)နဲ့ ကမ်းလှမ်းဖို့ လိုအပ်ပြီး ပရီးမီးယားလိဂ် ပြင်ပဆိုရင်တော့ ယူရို သန်း(၁၀၀)နဲ့တင် စဉ်းစားပေးဖွယ် ရှိနေပါတယ်။

လက်ရှိမှာ ကိန်းကို ပရီးမီးယားလိဂ်က မန်ယူနိုက်တက် နဲ့ ချယ်လ်ဆီး ၊ ပရီးမီးယားလိဂ် ပြင်ပကဆိုရင် ရီးယဲလ်မက်ဒရစ် နဲ့ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် ဘွတ်ကီတွေရဲ့ ဖော်ပြချက်မှာတော့ ကိန်းက ပရီးမီးယားလိဂ်ရော ပရီးမီးယားလိဂ်ပြင်ပပါ ပြောင်းရွှေ့ဖို့ထက် စပါးအသင်းမှာပဲ ဆက်လက် ရှိနေနိုင်တယ်လို့ ဖော်ပြထားတဲ့အတွက် နွေမှာ ဘယ်လို ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

 

Exit mobile version