MySport Myanmar

ဖာဂူဆန် လာရောက် ကြည့်ရှုခဲ့လို့ ပျော်ရွှင်မိခဲ့တယ်လို့ PSV နည်းပြ နစ္စတယ်ရွိုင်း ပြောဆို

မနေ့ညက ကျင်းပခဲ့တဲ့ ရိန်းဂျားစ်အသင်းနဲ့ PSV အသင်းတို့ရဲ့ ချန်ပီယံလိဂ် ပလေးအော့ ပထမအကျော့ပွဲစဉ်ကို မန်ချက်စတာယူနိုက်တက်အသင်း ဂန္တဝင်နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန် တတ်ရောက် ကြည့်ရှုခဲ့လို့ အရမ်းကို ပျော်ရွှင်မိခဲ့ရတယ်လို့ ဖာဂူဆန်ရဲ့ တပည့်ဟောင်းဖြစ်တဲ့ PSV နည်းပြ ရုဒ်ဗန်နစ္စတယ်ရွိုင်းကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Daily Mail

စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းနဲ့ နယ်သာလန်ကလပ် PSV အသင်းတို့ ထိပ်တိုက် ဆုံတွေ့ခဲ့တဲ့ ချန်ပီယံလိဂ် နောက်ဆုံးအဆင့် ခြေစစ်ပွဲကို ကမ္ဘာ့ထိပ်သီး ဘောလုံးနည်းပြကြီး ဖာဂူဆန်က တတ်ရောက်ကြည့်ရှုသွားခဲ့ပါတယ်။ အသက်(၈၀)အရွယ်ရှိ နည်းပြဟောင်းကြီး ဖာဂူဆန်ဟာ ရိန်းဂျားစ်အသင်းမှာ ကစားသမားဘဝ (၃)ရာသီအထိ ဖြတ်သန်းထားခဲ့ဖူးသလို သူ့အသင်းဟောင်း ရိန်းဂျားစ်နဲ့ ဆုံတွေ့နေတဲ့ နယ်သာလန်ကလပ် PSV အသင်းမှာလည်း သူနဲ့ ယူနိုက်တက်အသင်းနဲ့ လက်တွဲခဲ့ဖူးသူ တပည့်ဟောင်း နစ္စတယ်ရွိုင်းက နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်နေခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ဖာဂူဆန် လာရောက် ကြည့်ရှုခဲ့ခြင်းအပေါ် PSV နည်းပြ နစ္စတယ်ရွိုင်းက “ကျွန်တော့်အသင်းကို နည်းပြပေးနေတာ စီမံခန့်ခွဲပေးနေတာတွေ သူ မြင်တွေ့သွားရနိုင်တာမို့ ဒီအတွက် ကျွန်တော် အရမ်းကို ဂုဏ်ယူမိပါတယ်။ သူ နေကောင်း ကျန်းမာလာလို့လည်း ကျွန်တော် ဝမ်းသာရတယ်။ ကျွန်တော် သူနဲ့ စကားနည်းနည်းလောက်ပဲ ပြောခဲ့ရပေမယ့် သူ့ပုံစံက ကျန်းမာရေးကောင်းပြီး ကြည့်ကောင်းနေတဲ့ ပုံစံမျိုးပါ။ သူ့မိသားစုတွေလည်း နေကောင်းကျန်းမာနေပါတယ်။ သူ့အတွက်ကလည်း ကျွန်တော့်ကို ကွင်းဘေးစည်းမှာ နည်းပြတစ်ဦးအဖြစ် မြင်တွေ့နေရတဲ့ အခိုက်အတန့်အပေါ် ဂုဏ်ယူမိမယ်လို့ ထင်ပါတယ်။ ကျွန်တော် သူ့ဆီကနေ အများကြီး သင်ယူခဲ့ရတယ်။ ကိုယ်တိုင်က နည်းပြတစ်ဦးအဖြစ် လှုပ်ရှားနေတဲ့အချိန်မှာ ကိုယ်ရဲ့နည်းပြဟောင်းတွေရဲ့ ပုံစံတွေကို နမူနာယူတတ်ရပါတယ်။ အဲလက်စ်ကလည်း ကျွန်တော်နဲ့ ပြန်လည် ဆုံတွေ့ရတာကို ဝမ်းသာနေတယ်။ သူက ကျွန်တော့်ကို နည်းပြတစ်ယောက်အဖြစ်နဲ့ ကွင်းဘေးစည်းမှာ ပြေးလွှား ဆောင်ရွွှက်နေတဲ့အပေါ် သဘောကျ ဂုဏ်ယူမိကြောင်းလည်း ပြောသွားခဲ့ပါသေးတယ်”လို့ ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက် ရီးယဲလ်အသင်းတွေရဲ့ ကစားသမားဟောင်းကြီး နစ္စတယ်ရွိုင်းဟာ လက်ရှိမှာ PSV အသင်းရဲ့ နည်းပြအဖြစ်နဲ့ နည်းပြနယ်ပယ်ထဲကို စတင် ဝင်ရောက်နေခဲ့ပြီဖြစ်ပြီး သူရဲ့နည်းပြဘဝ အစမှာပဲ နယ်သာလန် super cup ကို ရယူထားခဲ့သလို အခုလည်း စကော့တလန်မြေမှာ ကစားခဲ့ရတဲ့ ပလေးအော့ ပထမအကျော့မှာ (၂)ဂိုးစီ သရေကျအောင် ကစားထားနိုင်လို့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ မျှော်မှန်းထားလို့ ရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

Exit mobile version