စပိန်နိုင်ငံ၊ မာလာဂါမြို့က အက်သလက်တီကို ပေါ်တာဒါ အယ်တာ (Atlectico Portada Alta) အသင်းရဲ့  နည်းပြ ဖြစ်သူ ဖရန်စစ္စကို ဂါစီယာဟာ ကိုရိုနာ ဗိုင်းရပ်ကြောင့် ဆေးရုံမှာ ဆုံးသွားခဲ့ပြီး ဥရောပ တစ်ခွင်မှာ ကိုရိုနာကြောင့် သေဆုံးခဲ့တဲ့ အသက်အငယ်ဆုံးသူ ဖြစ်သွားပါတယ်။ ဂါစီယာဟာ သွေးကင်ဆာ (Leukaemia) ရောဂါ အခံ ရှိနေခဲ့တာကြောင့် ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရတဲ့ အချိန်မှာ ရောဂါကို မတွန်းလှန်နိုင်ဘဲ တနင်္ဂနွေနေ့ညက ဆုံးသွားခဲ့ပါတယ်။

Photo Credit: Dailystar

ဂါစီယာဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် သေဆုံးသွားတဲ့ အချိန်မှာ အသက် (၂၁) နှစ်သာ ရှိနေသေးတာကြောင့် ဥရောပမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် သေဆုံးသွားခဲ့ရတဲ့ အသက် အငယ်ဆုံး ဖြစ်ပြီး စပိန်နိုင်ငံ၊ မလာဂါမြို့က ဆေးရုံ တစ်ခုမှာ ဆုံးသွားခဲ့ရှာတာ ဖြစ်ပါတယ်။ သတင်းတွေက ဂါစီယာဟာ အက်သလက်တီကို ပေါ်တာဒါ အယ်တာအသင်းရဲ့ နည်းပြ ဖြစ်တယ်လို့ ဖော်ပြခဲ့ပေမဲ့ အခြားသတင်းက ကစားသမားလို့လည်း ဖော်ပြခဲ့ပါတယ်။

Photo Credit: Dailystar

အက်သလက်တီကို ပေါ်တာဒါ အယ်တာအသင်းရဲ့ ဥက္ကဌ ပီပီ ဘူနို (Pepe Bueno) ကတော့ ဂါစီယာဟာ အလွန် ကောင်းတဲ့ သူ ဖြစ်ကြောင်း၊ အလွန် တော်တဲ့ နည်းပြ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဥက္ကဌ ပီပီ ဘူနိုက “ဂါစီယာက အလွန် ကောင်းတဲ့ ကောင်လေး။ နောက်ပြီး အလွန် တော်တဲ့ နည်းပြပါ။ ကျွန်တော်တို့အနေနဲ့ အခုအချိန်အထိ အံ့သြတုန်လှုပ်နေကြတုန်းပါ။ သူ့ကို ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်တာကို သောကြာနေ့က သိခဲ့ပြီး တနင်္ဂနွေနေ့ ညနေ (၇) နာရီမှာ အခြေအနေ တည်ငြိမ်တယ်လို့ ဆေးရုံက အကြောင်းကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့ည (၇) နာရီ အကျော်မှာ ကိုရိုနာ နဲ့ ကင်ဆာကြောင့် ဆုံးခဲ့ပါတယ်။ ကျွန်တော် မယုံနိုင်ခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။