မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း အန်သိုနီ မာရှယ်တစ်ယောက် သူ့ရဲ့ကစားသမားဘဝမှာ နောက်ထပ်အပြောင်းအရွှေ့တစ်ခုကို မထင်မှတ်ဘဲ ပြုလုပ်ရတော့မယ့် အခြေအနေဖြစ်နေပြီး မက္ကဆီကိုကလပ် Pumas အသင်းဆီ အငှားနဲ့ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။
ဒီအပြောင်းအရွှေ့သာ အောင်မြင်ခဲ့မယ်ဆိုရင် မာရှယ်ဟာ အာဆင်နယ်ကွင်းလယ်လူဟောင်း အာရွန် ရမ်ဆေး၊ ရီးရဲလ် မက်ဒရစ် ဂိုးသမားဟောင်းကြီး ကေလာ နာဗက်စ်တို့နဲ့ အသင်းဖော်တွေအဖြစ် ပြန်လည်ဆုံစည်းရမှာ ဖြစ်ပါတယ်။

Photo Credit : Goal
လက်ရှိမှာ ဂရိကလပ် AEK အေသင်အသင်းမှာ ကစားနေတဲ့ ပြင်သစ်တိုက်စစ်မှူးကို Pumas အသင်းက ခေါ်ယူလိုနေပေမယ့် မာရှယ်ရဲ့ လုပ်ခလစာ မြင့်မားမှုက အဓိက အတားအဆီးတစ်ခု ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ AEK အေသင်အသင်းဟာ မာရှယ်ကို အသင်းရဲ့ အစီအစဉ်ထဲကနေ ဖယ်ထုတ်ထားပြီး အငှားချလိုနေပေမယ့် ကစားသမားဘက်ကတော့ လစာလျှော့ယူဖို့ ဆန္ဒမရှိသေးပါဘူး။
AEK အေသင်အသင်းမှာ လစာအများဆုံးရ ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ မာရှယ်ဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်က ဒီတစ်ပတ်အတွင်း ပိတ်သိမ်းမှာဖြစ်လို့ နှစ်ဖက်အကြား ဆွေးနွေးမှုတွေကို အသည်းအသန် ပြုလုပ်နေကြပါတယ်။

Photo Credit : SPORTbible
လက်ရှိမှာ အသက် (၂၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မာရှယ်ဟာ ၂၀၁၅ ခုနှစ်က မိုနာကိုကနေ ဆယ်ကျော်သက်တစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၄၂)သန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိလာခဲ့သူပါ။ ယူနိုက်တက်အတွက် (၃၁၉)ပွဲ ကစားခဲ့ရာမှာ ဂိုး (၉၀)အထိ သွင်းယူနိုင်ခဲ့ပြီး အထူးသဖြင့် ၂၀၁၉-၂၀ ရာသီမှာ မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ တွဲဖက်ပြီး (၂၃)ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။
ဒါပေမဲ့ ခြေစွမ်းမတည်ငြိမ်မှု မကြာခဏ ဒဏ်ရာရရှိမှုနဲ့ နည်းပြတွေ (အထူးသဖြင့် ဂျိုဆေး မော်ရင်ဟို) နဲ့ အဆင်မပြေဖြစ်ခဲ့မှုတွေကြောင့် သူ့ရဲ့ကစားသမားဘဝဟာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက AEK အေသင်အသင်းအတွက် ၂၃ ပွဲမှာ (၉)ဂိုးသွင်း (၂)ဂိုး ဖန်တီးပေးနိုင်ခဲ့ပေမယ့် အသင်းရဲ့ ရေရှည်စီမံကိန်းမှာ ပါဝင်တော့ခြင်းမရှိတာကြောင့် အခုလို အသင်းပြောင်းရွှေ့ရတော့မယ့် အခြေအနေ ဖြစ်လာခဲ့ပါတယ်။




