Bayern Munich ရဲ့ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့် Jamal Musiala ကိစ္စဟာ ကလပ်အတွင်း ပြဿနာကြီးတစ်ခု ဖြစ်လာပါပြီ။ ခဏတာ သတိလစ်သလို တုံ့ပြန်မှုမရှိဖြစ်သွားစေတဲ့ absence seizures အာရုံကြောဆိုင်ရာ ရောဂါကို သူ တစ်သက်လုံး နေ့စဉ်ဆေးသောက်ပြီး ရင်ဆိုင်ရမှာဖြစ်လို့ အရင်ပုံစံပြန်ရဖို့ မသေချာတော့ပါဘူး။
Bayern နဲ့ အသင်းနီးစပ်သူတွေရဲ့ အတည်ပြုချက်အရ ဒီရောဂါကို ၂၀၂၅ ဧပြီမတိုင်ခင် မသိခဲ့ပါဘူး။ ၂၀၂၅ ဖေဖော်ဝါရီမှာ စာချုပ်သက်တမ်းတိုးချိန်က သူ ကျန်းမာရေးကောင်းနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Club World Cup မှာ ခြေထောက်အရိုးကျိုးတာ၊ ခြေကျင်းဝတ်ဒဏ်ရာနဲ့ hamstring ဒဏ်ရာတွေ ဆက်တိုက်ကြုံခဲ့ရပြီး မကြာသေးခင်ကလည်း သတိလစ်မှု ထပ်ဖြစ်ခဲ့ပါတယ်။
Cologne နဲ့ ပွဲပြီးနောက် ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် Karl-Heinz Rummenigge က TV အင်တာဗျူးမှာ Musiala ရဲ့ လစာငွေတွေဟာ "ဆက်ပြီး တရားမျှတအောင် ပြောလို့မရတော့ဘူး" လို့ ပြောလိုက်တာက အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ နောက်တစ်နေ့ အသင်းဝင်အစည်းအဝေးမှာ အာရုံကြောဆရာဝန်လည်းဖြစ်တဲ့ အသင်းဝင် Jonathan Hoffmann က ကစားသမားကို လူသိရှင်ကြား တိုက်ခိုက်တာ အကျိုးမရှိဘူးလို့ ပြန်ပြောပြီး လက်ခုပ်သံတွေ ရခဲ့ပါတယ်။
Rummenigge ဟာ ကိုယ်စားလှယ် Christian Schmid နဲ့ စာချုပ်ညှိနှိုင်းမှုကို မကျေနပ်ခဲ့ဘဲ အားကစားဒါရိုက်တာ Max Eberl ကို အပြစ်တင်နေပါတယ်။ Schmid ဘက်က လစာလျှော့ဖို့ သဘောမတူသေးသလို ဆေးကုသမှုကြောင့် အနားယူရတာမျိုး မဖြစ်သရွေ့ Musiala ဟာ သဘောတူထားတဲ့ လစာအပြည့် ဆက်ရနေမှာ ဖြစ်လို့ Bayern အတွက် ခက်ခဲတဲ့ အခြေအနေပါပဲ။
