ဘောလုံးရာသီတစ်ခု ကုန်ဆုံးခါနီးချိန်ဖြစ်တာကြောင့် အသင်းတိုင်းလိုလိုရဲ့ ကစားသမား အားဖြည့်တင်းမှုတွေ ကစားသမား အဝင်အထွက်တွေကို ကြားရမြင်ရတော့မယ်လို့ ယူဆမိခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ဘောလုံးသမားတွေထက် ဘောလုံးနည်းပြတွေရဲ့ အပြောင်းအရွှေ့တွေက ပိုပြီးတော့ကို လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်လို့နေတဲ့အပြင် ဒီရက်ပိုင်းအတွင်းလေးမှာပဲ နည်းပြအပြောင်းအလဲတွေက များစွာဖြစ်ပေါ်နေတာကို တွေ့ရှိခဲ့ရပါလိမ့်မယ်။

Photo Credit : MARCA

ဘောလုံးတစ်သင်းက ကျဆုံးမှှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာ အသင်းပရိသတ်တွေက အသင်းအတွက် အကောင်းဆုံး မစွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေကို ပြစ်တင်ကျပေမယ့် တကယ်တမ်းမှာတော့ အသင်းရဲ့ကျရှုံးမှုတွေအားလုံးအတွက် တာဝန်ယူလိုက်ရသူကက နည်းပြသာ ဖြစ်သွားရပါတယ်။ အခုဆိုရင် အသင်းအတွက် အောင်မြင်မှုတွေ ရယူပေးနိုင်တဲ့ နည်းပြတွေပါ အနာဂတ်က မရေမရာ ဖြစ်လာရပါတယ်။ ဥပမာပြောရမယ်ဆိုရင် အင်တာမီလန်နည်းပြ အန်တိုနီယိုကွန်တီဖြစ်ပြီး အသင်းအတွက် စကူဒက်တိုချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ပေမယ့် အသင်းပိုင်ရှင်တွေရဲ့ အစီအစဉ်တွေကို မနှစ်သက်တာကြောင့် အသင်းနဲ့ မနေ့ကပဲ လက်တွဲဖြုတ်လိုက်ရပါတယ်။

Photo Credit : Sports-SINDOnews

ဒီရက်ပိုင်းအတွင်းမှာပဲ အီတလီစီးရီးအေပြိုင်ပွဲဘက်မှာ နည်းပြအပြောင်းအလဲတွေကို ခပ်စိပ်စိပ်လေး မြင်ခဲ့ရပြီး နာပိုလီက ဂတ်တူဆိုနဲ့ လမ်းခွဲခဲ့သလို နာရီပိုင်းအတွင်းမှာပဲ ဖီအိုရင်တီးနားက ဂတ်တူဆိုကို သူတို့ရဲ့နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ နောက်ပြီး မနေ့ကပဲ ကွန်တီက အင်တာနဲ့ လမ်းခွဲထားခဲ့သလို ဂျုဗင်တပ်စ်အသင်းကလည်း လက်ရှိ သူတို့ရဲ့နည်းပြ ပီယာလိုကို ထုတ်ပယ်ပြီး နည်းပြဟောင်း အယ်လီဂရီကို ပြန်လည်ခန့်အပ်သွားတေုယ့မယ်ဆိုပြီး သတင်းထွက်နေပါတယ်။ လာလီဂါဘက်မှာလည်း ဇီဒန်းက ရီးယဲလ်နဲ့ လက်တွဲဖြတ်ခဲ့သလို ဘာစီလိုနာကလည်း ရော်နယ်ကိုးမန်းနဲ့ ရှေ့ဆက်ဖို့က မရေမရာ ဖြစ်နေရပါတယ်။ ဒီအသင်းတွေက သူတို့ရဲ့ ဂန္တဝင်ကစားသမားဟောင်းတွေဖြစ်တဲ့ ရာအူးနဲ့ ဇာဗီတို့ကို နည်းပြသစ်တွေအဖြစ် ခန့်အပ်ဖို့လည်း ရှိနေကြပါတယ်။ ပရီးမီးယားလိဂ်ဘက်မှာတော့ နည်းပြတွေ လစ်လပ်နေကြတဲ့ စပါးနဲ့ ဝုလ်ဗ်တို့က နည်းပြများစွာနဲ့ ချိတ်ဆက်နေကြသလို စပါးဘက်ကတော့ သူတို့ရဲ့နည်းပြဟောင်း ပိုချက်တီနိုနဲ့ပါ သတင်းထွက်လို့နေသလို ဝုလ်ဗ်နည်းပြဟောင်းကြီး နူနိုဆန်းတို့စ်နဲ့လည်း ကောလဟာလတွေ ထွက်နေပါတယ်။ ဆိုတော့ ဒီနွေကတော့ ကစားသမားတွေရဲ့ အပြောင်းအရွှေ့တွေသာမကပဲ နည်းပြအပြောင်းအလဲတွေကပါ ဘောလုံးပရိသတ်တွေအတွက် ရင်ခုန်စရာတွေကို ပေးစွမ်းနေဦးမှာဖြစ်ပါတယ်။