လက်ရှိအချိန်မှာတော့ အီတလီစီးရီးအေ ဘောလုံးပြိုင်ပွဲနဲ့ ဥရောပပြိုင်ပွဲကြီးတွေဖြစ်သော ချန်ပီယံလိဂ် ယူရိုပါလိဂ်တို့ကလွဲပြီး ဒီရာသီရဲ့ဘောလုံးပွဲတွေ အကုန်နီးပါး ပြီးဆုံးသွားကြပြီဖြစ်ပါတယ်။ ကလပ်အသင်းတွေအတွက် ရာသီကုန်အထိ ကစားပေးပြီးနောက်မှာ ဘောလုံးသမားတချို့ဟာလည်း ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ကြပါတယ်။ ဒီလို ဘောလုံးသမားဘဝကို ဇာတ်သိမ်းလိုက်တဲ့ ဘောလုံးသမားတွေထဲကမှ ပရိသတ်တွေနဲ့လည်း ရင်းနှီးနေကြမယ့် ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

မီလန်ဘားရိုစ့်

Photo Credit : The Sun

လီဗာပူးလ်ကစားသမားဟောင်း ချက်တိုက်စစ်ကစားသမားကြီး ဘားရိုစ့်ကတော့ အသက်(၃၈)နှစ်အရွှယ်မှာပဲ သူရဲ့ကစားသမားဘဝကို အဆုံးသတ်လိုက်ပါတယ်။ ၂၀၀၅ခုနှစ်တုန်းက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်ခဲ့ဖူးသလို ၂၀၀၄ခုနှစ် ယူရိုပြိုင်ပွဲမှာလည်း ရွေဖိနပ်ဆုကို ရယူခဲ့တဲ့ ဘားရိုစ့်ဟာ သူရဲ့ပထမဆုံး ကလပ်အသင်းဖြစ်တဲ့ Banik Ostrava မှာပဲ ကစားသမားဘဝကို ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

လေတန်ဘိန်းစ်

Photo Credit : The Sun

အဲဗာတန်နဲ့ အင်္ဂလန်ကစားသမားဟောင်းကြီး လေတန်ဘိန်းစ်ကတော့ အဲဗာတန်ရဲ့ဒီရာသီ နောက်ဆုံးပွဲကို ဝင်ရောက်ကစားပြီးတဲ့နောက်မှာပဲ သူရဲ့ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ အသက်(၃၉)နှစ်ရှိပြီဖြစ်တဲဲ့ ဝါရင့်ဘယ်နောက်ခံကစားသမားဟာ နောက်ခံလူတွေထဲမှာ ဂိုးပါဝင်ပတ်သက်မှုများလှတဲ့ ကစားသမားဖြစ်ပြီး အဲဗာတန်တစ်သင်းတည်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့သူလည်းဖြစ်ပါတယ်။

အန်ဒရီရှာရယ်

Photo Credit : The Sun

ဘောလုံးသမားဘဝကနေ အနားယူခဲ့သူတွေထဲမှာ ရှာရယ်ကတော့ အသက်(၃၀)တောင်မပြည့်သေးသူဖြစ်ပြီး သူရဲ့ကစားသမားဘဝက အကျဘက်ကိုရောက်နေချိန်ဖြစ်လို့ အသင်းပြောင်းပြီး တခြားအခွင့်အရေးတွေကိုတောင် မရှာဖွေတော့ပဲ သူရဲ့ဘောလုံးသမားဘဝကို နိဂုံးချုပ်ခဲ့လိုက်ပါတယ်။ ရှာရယ်ဟာ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ဆုဖလားကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ဂျာမနီနဲ့လည်း ၂၀၁၄ကမ္ဘာ့ဖလားချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။

မာရီယိုဂိုးမက်ဇ်

Photo Credit : The Sun

ဂျာမန်ဂိုးသွင်းစက်ကြီးဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူးကြီး မာရီယိုဂိုးမက်ဇ်လည်း ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ အသက်(၃၅)နှစ်အရွှယ်ရှိ ကစားသမားကြီး စတုဂတ် ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့အတူ သူရဲ့သွင်းဂိုးစွမ်းရည်တွေကို ပြသခဲ့သူဖြစ်ပြီး သူရဲ့ကစားသမားဘဝစရာ စတုဂတ်မှာပဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပါတယ်။ ဂိုးမက်ဇ်ဟာ ဘိုင်ယန်အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပါသေးတယ်။

ဂိုရန်ပန်ဒက်

Photo Credit : The Sun

မက်ဆီဒိုးနီးယားလက်ရွေးစင်အသင်းရဲ့ဂန္တဝင်ကစားသမားကြီးပန်ဒက်ဟာ စီးရီးအေပြိုင်ပွဲရဲ့ Legend တစ်ဦးဆိုလည်း မမှားပါဘူး။ လာဇီယို အင်တာမီလန် နာပိုလီတို့လို စီးရီးအေထိပ်သီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဒီတိုက်စစ်မှူးကြီးဟာ ဂျီနိုအာအသင်း ကစားသမားအဖြစ် (၅)နှစ်ကြာ ပါဝင်ခဲ့ပြီးမှ သူရဲ့ကစားသမားဘဝကို အဆုံးသတ်လိုက်တာဖြစ်ပါတယ်။ အသက်(၃၇)နှစ်အရွှယ်ရှိ ပန်ဒက်ဟာ အင်တာအသင်းနဲ့အတူ တစ်ရာသီတည်း ဖလား(၃)လုံးချန်ပီယံကိုပါ အရယူနိုင်ခဲ့သေးပါတယ်။