လက်ရှိအချိန်မှာတော့ အီတလီစီးရီးအေ ဘောလုံးပြိုင်ပွဲနဲ့ ဥရောပပြိုင်ပွဲကြီးတွေဖြစ်သော ချန်ပီယံလိဂ် ယူရိုပါလိဂ်တို့ကလွဲပြီး ဒီရာသီရဲ့ဘောလုံးပွဲတွေ အကုန်နီးပါး ပြီးဆုံးသွားကြပြီဖြစ်ပါတယ်။ ကလပ်အသင်းတွေအတွက် ရာသီကုန်အထိ ကစားပေးပြီးနောက်မှာ ဘောလုံးသမားတချို့ဟာလည်း ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ကြပါတယ်။ ဒီလို ဘောလုံးသမားဘဝကို ဇာတ်သိမ်းလိုက်တဲ့ ဘောလုံးသမားတွေထဲကမှ ပရိသတ်တွေနဲ့လည်း ရင်းနှီးနေကြမယ့် ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

မိုင်းလ်ဂျက်ဒီနတ်

Photo Credit : The Sun

ခရစ္စတယ်ပဲလေ့စ်နဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်း မိုင်းလ်ဂျက်ဒီနတ်ကတော့ အသက်(၃၆)နှစ်အရွှယ်မှာပဲ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။ ဗီလာအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တွန်းပို့နိုင်ခဲ့တဲ့ အဓိက ကစားသမားဖြစ်တဲ့ ဂျက်ဒီနတ်က ဒီနှစ်ဘောလုံးရာသီအစမှာ ဗီလာနဲ့ လမ်းခွဲခဲ့ပေမယ့် မတ်လမှာ ဗီလာလူငယ်အကယ်ဒမီရဲ့နည်းပြအဖြစ် ဝင်ရောက်ဆောင်ရွှက်ခဲ့ပြီး ဇူလိုင်လမှာပဲ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကလော်ဒီယိုပစ်ဇာရို

Photo Credit : The Sun

အသက်(၄၀)ကျော်အရွှယ် ဘောလုံးကစားသမားဘဝကို ရှေ့ဆက်ဖြတ်သန်းနေသေးတဲ့ တိုက်စစ်မှူးကြီးပစ်ဇာရိုကတော့ သူရဲ့ဘွန်ဒက်လီဂါ ပထမဆုံးအသင်းဖြစ်တဲ့ ဝါဒါဘရီမင်မှာပဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ အသက်(၄၁)နှစ်အရွှယ်တောင် ရှိနေပြီဖြစ်တဲ့ ပီရူးတိုက်စစ်မှူးကြီးဟာ ချယ်လ်ဆီး ဘိုင်ယန်တို့လို အသင်းကြီးတွေမှာ ကစားခဲ့ဖူးသလို ဝါဒါဘရီမင်အသင်းဆီကိုလည်း (၅)ကြိမ်လောက်အထိ ပြောင်းရွှေ့ခဲ့ဖူးသူဖြစ်ပါတယ်။

ဒေးဗစ်အန်ဂေါ့

Photo Credit : The Sun

လီဗာပူးလ်အသင်းရဲ့ကစားသမားဟောင်း ပြင်သစ်တိုက်စစ်မှူး အန်ဝဂေါ့မှာလည်း ဇွန်လ(၂၁)ရက်နေ့ကပဲ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ပါတယ်။ အသက်(၃၁)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အန်ဂေါ့က ပီအက်စ်ဂျီလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ခြေစွမ်းပိုင်း တိုးတတ်ကောင်းမွန်လာခြင်းမရှိလို့ အသင်းငယ်လေးတွေမှာပဲ ကစားသမားဘဝကို ဖြတ်သန်းခဲ့ရကာ နောက်ဆုံးတော့ လစ်သူယေးနီးယားကလပ်မှာ ပါဝင်ကစားရင်းနဲ့ ကစားသမားဘဝကို အဆုံးသတ်လိုက်တာဖြစ်ပါတယ်။

အာဒရီဇ်အဒူရစ်ဇ်

Photo Credit : The Sun

အသက်ကြီးလာလေ ခြေစွမ်းပိုင်းပိုကောင်းလာလေဆိုတဲ့ ကစားသမားတွေထဲမှာ အဒူရစ်ဇ်လည်း ပါဝင်နေပါတယ်။ ဒီစပိန်တိုက်စစ်မှူးကြီးဟာ အသက်(၃၀)နောက်ပိုင်းမှာ သူရဲ့ဂိုးသွင်းစွမ်းရည်ကောင်းတွေ ပိုမိုပြသလာနိုင်ခဲ့သူဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘောလုံးရာသီကဆု ဘီလ်ဘာအိုအသင်းအတွက် (၃၆)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။ အသက်(၃၉)နှစ်ရှိပြီဖြစ်တဲ့ အဒူရစ်ဇ်ဟာ ဘီလ်ဘာအိုအသင်းအတွက်ရော စပိန်လာလီဂါပြိုင်ပွဲအတွက်ပါ Legend တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။