ကမ္ဘာပေါ်မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖြစ်တဲ့ FIFA ပြီးရင် ဩဇာအာဏာ အကြီးမားဆုံး အဖွဲ့အစည်း တစ်ခုလို့ ဆိုရမယ့် France Football အဖွဲ့အစည်းကတော့ ယမန်နေ့ညမှာ ကမ္ဘာ့ ဘောလုံးသမိုင်း တစ်လျှောက် အကောင်းဆုံးအသင်း (သို့) Dream Team ကို ဖော်ပြ ကြေညာ သွားခဲ့ပါတယ်။ France Footballဟာ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာအကြီးမားဆုံး တစ်ဦးချင်းဆု ဖြစ်တဲ့ Ballon D’or ဆုကို ပေးအပ် ချီးမြှင့်တဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ France Football ဟာ ကမ္ဘာ့ဘောလုံး သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းကို ရရှိဖို့ အတွက် နာမည်ကျော် အားကစား ဂျာနယ်လစ်ပေါင်း ၁၄၀အား အကဲဖြတ် ခိုင်းခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Photo Credit: France Football

အဆိုပါ ကမ္ဘာ့ဘောလုံး သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းဟာ ၃-၄-၃ ဆိုတဲ့ ကစားကွက်ကို အခြေခံ ထားခဲ့ပြီး ဂိုးသမား နေရာမှာတော့ နာမည်ကျော် ဆိုဗီယက် လက်ရွေးစင်အသင်းရဲ့ ဂိုးသမားကြီး လက်ဗ်ရာရှင်က ရွေးချယ်ခံခဲ့ရပြီး ရာရှင်ဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ဂိုးသမား အဖြစ်လည်း သတ်မှတ်ခံခဲ့ ရပါတယ်။ ခံစစ်ပိုင်း သုံးဦးမှာတော့ အေစီမီလန် အသင်းရဲ့ ဂန္တဝင် ခံစစ်မှူး မာလ်ဒီနီ ၊ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဂျာမဏီအသင်းရဲ့ ဂန္တဝင် ခံစစ်မှူး ဘက်ကင်ဘောင်ဝါနဲ့ ဘရာဇီးလ်အသင်းရဲ့ ဂန္တဝင် ခံစစ်မှူး ကာဖူးတို့က ရွေးချယ်ခံခဲ့ ရပြီး သူတို့ သုံးဦးလုံးဟာလည်း သမိုင်းတစ်လျှောက် အကောင်းဆုံး ခံစစ်မှူးတွေ အဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။

Photo Credit: France Football

ကွင်းလယ်လူ ၄ဦးမှာတော့ ကွင်းလယ်ခံစစ် ကစားသမား ၂ဦးနဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ၂ဦး ပါဝင်ပြီး ကွင်းလယ်ခံစစ် ကစားသမား နှစ်ဦးကတော့ ဘာစီလိုနာ အသင်းနဲ့ စပိန်အသင်းတို့ရဲ့ ဂန္တဝင် ကစားသမားကြီး ဇာဗီနဲ့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဂျာမဏီအသင်းတို့ရဲ့ ဂန္တဝင် ကစားသမားကြီး လိုသာမားသီးယပ်က ရွေးချယ်ခံခဲ့ရပြီး နှစ်ဦးစလုံးဟာလည်း သမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတွေ အဖြစ် သတ်မှတ်ခံခဲ့ ရပါတယ်။ ကွင်းလယ်တိုက်စစ် ကစားသမား နှစ်ဦးရဲ့ နေရာမှာတော့ မကြာမီကမှ ဆုံးပါးသွားတဲ့ အာဂျင်တီးနားအသင်းနဲ့ နာပိုလီအသင်းရဲ့ ဂန္တဝင် ကစားသမားကြီး မာရာဒိုနာနဲ့ ဆန်းတို့စ်အသင်း ၊ ဘရာဇီးလ်အသင်းတို့ရဲ့ ဂန္တဝင် ကစားသမားကြီး ပီလီတို့က ရွေးချယ်ခံခဲ့ရပြီး သူတို့တွေ ဘာကြောင့် ရွေးချယ်ခံရလဲ ဆိုတာကို ရှင်းပြစရာတောင် လိုမယ် မထင်ပါဘူး။

Photo Credit: France Football

တိုက်စစ်မှူး သုံးဦးရဲ့ နေရာမှာတော့ လက်ရှိ ဂျူဗင်တပ် အသင်းမှာ ကစားနေတဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုက ဘယ်ခြမ်းမှာ နေရာယူထားပြီး ညာခြမ်းမှာတော့ ဘာစီလိုနာ အသင်းနဲ့ အာဂျင်တီးနားအသင်း တို့ရဲ့ အသင်းခေါင်းဆောင် မက်ဆီက ရှိနေခဲ့ပါတယ်။ ရိုနယ်ဒိုဟာ ဘောလုံးသမိုင်း တစ်လျှောက် အကောင်းဆုံး ဘယ်တောင်ပံတိုက်စစ် ကစားသမားအဖြစ် သတ်မှတ် ခံခဲ့ရသလို မက်ဆီကလည်း ဘောလုံးသမိုင်း တစ်လျှောက် အကောင်းဆုံး ညာတောင်ပံတိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ ရပါတယ်။ အထောင်တိုက်စစ် နေရာမှာတော့ ဘရာဇီးလ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖြစ်သလို ရီးရဲလ် မက်ဒရစ် ၊ ဘာစီလိုနာနဲ့ အင်တာမီလန် အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ရော်နယ်ဒိုက ရွေးချယ်ခံခဲ့ ရပြီး ရော်နယ်ဒိုဟာ ဘောလုံးသမိုင်း တစ်လျှောက် အကောင်းဆုံး အထောင်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံခဲ့ ရပါတယ်။