မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးပေါက်မှာ တာဝန်ယူရင်း အသင်းအတွက် ပေးဂိုးတွေ ခွင့်မပြုရအောင် အသင်းရဲ့ ရလဒ်တွေကို မဆိုးရွှားသွားအောင် အမြဲတမ်း ကာကွယ်ပေးနိုင်ခဲ့တဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာကတော့ မနေ့ညက နောဝစ်ချ်စီးတီးအသင်းကို အနိုင်ရသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူရဲ့ အကောင်းဆုံးသော လက်စွမ်းတွေ ပြသခဲ့ပြီး အသင်းရဲ့ နိုင်ပွဲအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီသွားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၁)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ဂိုးသမား ဒီဂီယာဟာ အသက်လက်တီကို လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး တီကိုစီနီယာအသင်းအတွက် (၂)ရာသီကြာ ပါဝင်ပြီးတဲ့နောက်မှာ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၁၈.၉)သန်းနဲ့ ရောက်ရှိလာခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းနဲ့ ဆယ်စုနှစ်တစ်ခုထိတောင် ပါဝင်ခဲ့တဲ့ ဂိုးသမားဒီဂီယာဟာ အခုလည်း သူရဲ့ ယူနိုက်တက်ကစားသမားဘဝ (၁၁)ရာသီမြောက်အဖြစ် ပါဝင်ကစားနေတာဖြစ်ပြီး မနေ့ညက နောဝစ်ချ်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာပဲ သူရဲ့ ကစားသမားဘဝ Clean Sheets အကြိမ် (၂၀၀) အထိပါ ပြည့်မြောက်သွားခဲ့ရပါတယ်။

Photo Credit : Twitter

ဒီဂီယာဟာ ယူနိုက်တက်အသင်း အနည်းငယ် ကျဆင်းနေခဲ့တဲ့ ဘောလုံးရာသီမှာတောင် သူရဲ့ လက်စွမ်းတွေနဲ့ အသင်းကို ကယ်တင်ပေးနိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို (၄)ကြိမ်ဆက်တိုက်ထိပါ ပိုင်ဆိုင်နိုင်ခဲ့ရပါသေးတယ်။ ဒီဂီယာဟာ ယူနိုက်တက်အသင်းနဲ့အတူ ဂိုးမပေးရတဲ့ Clean Sheets အကြိမ်ရေပေါင်း (၁၅၉)ကြိမ် သူရဲ့အသင်းဟောင်း အသက်လက်တီကိုအသင်းအတွက် Clean Sheets ပေါင်း (၂၂)ကြိမ်နဲ့ သူရဲ့ စပိန်လက်ရွေးစင်အသင်းအတွက် Clean Sheets ပေါင်း (၁၉)ကြိမ် စုစုပေါင်း ကစားသမားဘဝအတွင်း Clean Sheets အကြိမ်ပေါင်း အကြိမ်(၂၀၀)အထိ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဂီယာဟာ ယူနိုက်တက်နဲ့လည်း ပရီးမီးယားလိဂ် ယူရိုပါလိဂ် အက်အေဖလား လိဂ်ဖလားတို့ကိုပါ ဆွတ်ခူးနိုင်ဖူးသူလည်း ဖြစ်သလို အသက်လက်တီကိုနဲ့လည်း ယူရိုပါလိဂ်နဲ့ ဥရောပစူပါဖလားတို့ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီဂီယာဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ်အားလုံးကို ပါဝင်ထားနိုင်ခဲ့ပြီး Clean Sheets (၄)ကြိမ် ကာကွယ်မှုပေါင်း (၅၃)ကြိမ်နဲ့ ဒီရာသီ ပရီးမီးယားလိဂ် ဂိုးသမားတွေထဲမှာ တတိယ အကောင်းဆုံး ဂိုးကာကွယ်မှု အကောင်းဆုံး ဂိုးသမားအဖြစ်နဲ့ သတ်မှတ်ခံထားရပါတယ်။