ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန် အသင်းနဲ့ ဝက်ဟမ်းအသင်းမှာ ကစားခဲ့ဖူးတဲ့ ဝါရင့် ပေါ်တူဂီနောက်ခံလူဟောင်း ဖွန်တီ ကတော့ သူ့ရဲ့အသင်းဖော်ဟောင်းတစ်ဦး ဖြစ်တဲ့ ရိုနယ်ဒိုဟာ အသင်းဟောင်းဖြစ်တဲ့ စပိန် ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြန်လည် ပြောင်းရွှေ့သွားရင် သူ့အနေနဲ့ အံ့ဩမိသင့်မိမှာ မဟုတ်ဘူးလို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသက်၃၅နှစ် ရှိနေပြီဖြစ်တဲ့ ရိုနယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို သုံးနှစ်ဆက်တိုက် ရယူခဲ့အပြီးမှာ အံ့အားသင့်စရာ အပြောင်းအရွှေ့ တစ်ခုအဖြစ် စီးရီးအေရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့သူပဲ ဖြစ်ပါတယ်။

Photo Credit: Marca.com

ရိုနယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ သမိုင်း တစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့သူ ဖြစ်ပြီး သူဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ကစားသမား ဘဝကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ပရိသတ် အများစုက ထင်ခဲ့ကြပေမယ့် ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်နဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးရာမှာ မကျေလည်မှုတွေ ဖြစ်လာခဲ့တာကြောင့် ရုတ်တရတ် ဂျူဗင်တပ်အသင်းထံကို ရောက်ရှိ သွားခဲ့တာပါ။ လတ်တလောမှာတော့ ရီးရဲလ် မက်ဒရစ်အသင်းဟာ ရိုနယ်ဒိုကို ပြန်လည် ခေါ်ယူဖို့အတွက် မျက်စိကျလာခဲ့ပြီး လက်ရှိမှာ ကိုရိုနာဗိုင်းရပ် ဂယက်ကြောင့် ဘဏ္ဏာရေးပိုင်း မှာ အခက်အခဲတွေ ရှိလာတဲ့ ဂျူဗင်တပ်အသင်းရဲ့ အခြေအနေကို အခွင့်ကောင်းယူကာ ရိုနယ်ဒို ကို ပြောင်းရွှေ့ကြေး ပေါင်၅၀သန်းကနေ ၇၀ သန်းကြား အသုံးပြုကာ ခေါ်ယူသွားမှာ ဖြစ်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။

Photo Credit: Marca.com

ဖွန်တီကလည်း ရိုနယ်ဒိုဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ သူငယ်ချင်းများစွာ ကျန်ခဲ့တဲ့ အနေအထားကြောင့် ရီးရဲလ်မက်ဒရစ်အသင်းထံကို ပြတ်လည် ပြောင်းရွှေ့သွားနိုင်တယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ ဖွန်တီက ” ရိုနယ်ဒိုက ရီးရဲလ်မက်ဒရစ်အသင်းကို ချစ်တယ်ဆိုတာ သိသာပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ကမ္ဘာ့အကြီးဆုံး အသင်းတွေထဲက တစ်သင်းပါ။ ကမ္ဘာ့အကြီးဆုံးအသင်းတော့ မဟုတ်ပါဘူး။ သူက အဲ့ဒီမှာ သူငယ်ချင်းတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီတော့ ရီးရဲလ်မက်ဒရစ်အသင်းထံကို ပြန်ပြောင်းဖို့ သူ့အနေနဲ့ လမ်းဖွင့်ထားခဲ့နိုင်တဲ့ အခြေအနေပါ။ ကျွန်တော်ကတော့ ရီးရဲလ် မက်ဒရစ်အသင်းထံကို ပြန်ပြောင်းသွားရင် အံ့ဩသင့်မိမှာ မဟုတ်ပါဘူး ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။