ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ ဖွန်ဆီကာ ကတော့ ပရီးမီးယားလိဂ်အသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းကနေ သူတို့အသင်းထံကို အငှားနဲ့ လာရောက်ကစားနေတဲ့ ဗဟိုခံစစ်မှူး စမောလင်းရဲ့ အရည်အချင်းတွေကို သဘောကျတယ်လို့ ဆိုသွားခဲ့ပြီး စမောလင်းကို ရိုးမားအသင်းမှာ ဆက်ရှိနေစေဖို့အတွက် စတင်ပြီး လုပ်ဆောင်နေပြီလို့ ပရိသတ်ကို အသိပေး ပြောဆိုသွားခဲ့ပါတယ်။ အသက်၃၀အရွယ် ရှိနေပြီ ဖြစ်တဲ့ စမောလင်းဟာ မန်ယူအသင်းထံကနေ ရိုးမားအသင်းထံကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိ​ ဘောလုံးရာသီမှာ ရိုးမားခံစစ်ကြောင်းရဲ့ အဓိက ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့အထိ ခြေစွမ်းပြသ နိုင်ခဲ့ကာ လက်ရှိရာသီမှာလည်း ရိုးမားအသင်း အတွက် စီးရီးအေပွဲစဉ် ၂၁ပွဲအထိ ပါဝင် ကစားပေးထားခဲ့ပါတယ်။

Photo Credit: Daily Mail.com

စမောလင်းဟာ မန်ယူအသင်းမှာ ရှိနေစဉ်ကတည်းက ပုံမှန်ခြေစွမ်းကောင်းတစ်ခုကို ပြသ ထားနိုင်ခဲ့သူဖြစ်ပေမယ့် တစ်ခါတစ်ရံ အမှားအယွင်းများတတ်တာကြောင့် မန်ယူအသင်းရဲ့ နည်းပြအဖွဲ့ဝင်တေ​ွက သူ့ကို ရိုးမားအသင်းထံ အငှားချဖို့ ဆုံးဖြတ်ခဲ့တာပါ။ လက်ရှိ မန်ယူ အသင်းရဲ့ ခံစစ်ကြောင်းမှာ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် ၊ ဘိုင်လီ ၊ တွမ်ဇီဘီတို့ဟာ ဦးစားပေးခံစစ်မှူးတေ​ွ အဖြစ် သတ်မှတ်ခံထားရပြီး မန်ချက်စတာအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရတော့ မန်ယူအသင်းဟာ စမောလင်း ၊ ဖီးလ်ဂျုံးစ် ၊ ရိုဂျိုစတဲ့ နောက်ခံလူတွေကို လာမယ့် နွေရာသီစျေးကွက်မှာ ရောင်းချသွားဖို့ ကြိုးစားနေကြောင်း သိရှိရပြီး မန်ယူအသင်းဟာ စမောလင်းအတ​ွက် အနိမ့်ဆုံး ယူရို ၂၀ သန်း ဝန်းကျင်ကို အလိုရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit: Daily Mail.com

ရိုးမားအသင်းဘက်ကလည်း စမောလင်းကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိနေပြီး စမောလင်းအား အပြီးသတ် ခေါ်ဖို့ ကြိုးစားနေတဲ့အကြောင်းကို ရိုးမားအသင်းနည်းပြဖြစ်သူ ဖွန်ဆီကာက ” သူက ကျွန်တော့်ကို အံ့ဩသွားစေတဲ့ ကစားသမားပါ။ သူက အင်္ဂလန်ကနေ ဘယ်တုန်းကမှ မထွက်ခွာဖူးတဲ့ ခံစစ်မှူး ဖြစ်သလို သူက နည်းစနစ်ပိုင်းဆိုင်ရာကို အရမ်း အားကိုးတဲ့ လိဂ်တစ်ခုကို ရောက်လာခဲ့တာပါ။ ဒါ့ကြောင့် သူခြေစွမ်းပြနိုင်တာကို ကျွန်တော်က အံ့အားသင့်ခဲ့ရပါတယ်။ ဖြစ်နိုင်ရင်တော့ သူ့ကို အသင်းမှာပဲ ဆက်ရှိစေချင်ပါတယ်။ သူက အရမ်းကို ပရော်ဖက်ရှင်နယ် ပီသတဲ့ ကစားသမားဖြစ်ပြီး သူသာ ကျွန်တော်တို့နဲ့ ဆက်ရှိရင် ဒါက အတော်လေးကို ကောင်းမယ့် ကိစ္စပါ ” လို့ ဖွင့်ဟပြောဆိုသွားခဲ့တာပါ။