ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ လက်စတာ စီးတီးရဲ့ အဓိက နောက်ခံလူ ဖိုဖာနာကတော့ သူ့ရဲ့ အိမ်မက်အသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့နိုင်ဖို့ လက်စတာ စီးတီးထံ ဖိအားပေး တောင်းဆိုတော့မယ်လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ်ကြယ်ပွင့် ဖိုဖာနာက စိန့်အက်တီယန်ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်သလို လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ဗဟိုခံစစ်မှူး တဦး အဖြစ်ပါ သတ်မှတ်ခံထားရပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ ခရစ်တန်ဆန်နဲ့ ရူဒီဂါတို့ကို ဆုံးရှုံးခဲ့ရပြီးနောက် ခံစစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတဲ့ ချယ်လ်ဆီးက ဖိုဖာနာကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတာ ဖြစ်ပြီး ချယ်လ်ဆီးဟာ ဖိုဖာနာအတွက် ၂ကြိမ်တိုင်တိုင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် လက်စတာ စီးတီးကတော့ သူတို့အသင်းရဲ့ အဓိက ခံစစ်မှူး ဖိုဖာနာအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် လိုချင်နေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဖိုဖာနာက ချယ်လ်ဆီးထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး ချယ်လ်ဆီးကလည်း သူတို့ရဲ့ ဖိုဖာနာအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု ဖြစ်တဲ့ ပေါင် ၇၅သန်းတန် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခံခဲ့ရပြီးနောက် ဖိုဖာနာအတွက် တတိယအကြိမ် ကမ်းလှမ်းမှုကို ထပ်မံ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနကလည်း ဖိုဖာနာဟာ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ချင်နေကြောင်းအား ထပ်ဆင့် အတည်ပြုပေးခဲ့သလို ဖိုဖာနာက သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၅သန်း ဝန်းကျင် အထိ တောင်းဆိုနေတဲ့ လက်စတာ စီးတီးရဲ့ လုပ်ရပ်ကို စိတ်ပျက်နေပြီး မကြာခင်မှာပဲ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ခွင့် ပေးဖို့ လက်စတာ စီးတီးထံ တောင်းဆိုတော့မယ်လို့ ဖော်ပြထားပါတယ်။