ဒီနှစ်ဘောလုံးရာသီမတိုင်ခင် ရာသီကြိုခြေစမ်းပွဲအတွင်းမှာပဲ ဆိုးရွှားလှတဲ့ ဒူးဒဏ်ရာ ရရှိသွားခဲ့လို့ ကာလအတန်ကြာအထိကို အနားယူနေရတဲ့ လက်စတာစီးတီး နောက်ခံကစားသမား ဝက်စလေဖိုဖာနာဟာ လက်ရှိမှာ ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ်ထဲမှာ ပါဝင်လာခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း သူရဲ့ စိတ်ကူးအိမ်မက်ထဲက ကလပ်အသင်းတွေအကြောင်း ဖွင့်ပြောလာခဲ့ရာမှာ ချယ်လ်ဆီးအသင်းပါ ပါဝင်လာခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

Photo Credit : Leicester Mercury

အသက်(၂၀)အရွှယ်ရှိ ပြင်သစ်လူငယ်နောက်ခံကစားသမားလေး ဖိုဖာနာဟာ ၂၀၂ဝခုနှစ်ကမှ စိန့်အက်တီယန်ကနေ လက်စတာကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်း လက်စတာအသင်းအတွက် ပြိုင်ပွဲစုံပွဲစဉ်ပေါင်း (၃၈)ပွဲအထိ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားနိုင်ခဲ့ပါတယ်။ လက်စတာနဲ့ ပွဲဦးထွက်ရာသီမှာပဲ စွမ်းစွမ်းတမံကို ခြေစွမ်းပြခဲ့တဲ့ ဖိုဖာနာကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေကနေ စိတ်ဝင်စားလာခဲ့တဲ့အပြင် ရီးယဲလ်မက်ဒရစ်လို ဥရောပ ထိပ်တန်းအသင်းကြီးကပါ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Leicester Mercury

ဒါပေမယ့် ဖိုဖာနာအတွက် ကံဆိုးခဲ့တာက ဗီလာရီးယဲလ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရာသီကြို ခြေစမ်းပွဲအတွင်းမှာပဲ ပြိုင်ဘက်ကစားသမားရဲ့ ကစားပုံကြမ်းတမ်းမှုကနေ ဒူးဒဏ်ရာကို ပြင်းပြင်းထန်ထန် ရရှိသွားခဲ့ရတဲ့အတွက် ရက်ပေါင်းများစွာ အနားယူနေခဲ့ရပြီး လာမယ့် ၂၀၂၂ခုနှစ်မှသာ ပြန်လည်ကစားနိုင်မှာ ဖြစ်ပါတယ်။ အခုလို ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်နေရတဲ့ ဖိုဖာနာကို ချယ်လ်ဆီးအသင်းကနေ ပစ်မှတ်ထားနေခဲ့ပြီး အသင်းရဲ့ ဂျာမနီနောက်ခံလူ ရူဒီဂါကို လက်လွတ်လိုက်ရမယ်ဆိုရင် ဖိုဖာနာနဲ့ အစားထိုးဖို့အတွက် စောင့်ကြည့်လျက် ရှိနေပါတယ်။ ဒီလို ချယ်လ်ဆီးရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ဖိုဖာနာက “စိတ်ကူးထဲက အသင်းတွေဆို မာဆေးလ် ရီးယဲလ်မက်ဒရစ် ဘာစီလိုနာတို့ ရှိမယ်။ အင်္ဂလန်ဘက်မှာဆိုရင်တော့ ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက် မန်စီးတီးတို့ပေါ့။ ဒါပေမယ့် ကိုယ့်ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက်ဆိုရင် အလုပ်ကောင်းကောင်းလုပ်ဖို့ လိုအပ်ပါမယ်။ ဒီလို အလုပ်ကြိုးစားခြင်းကနေတစ်ဆင့် အိမ်မက်တွေကိုရော အောင်မြင်မှုတွေကိုပါ ရယူနိုင်ပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့သလို ဒီအသင်းတွေ အားလုံးထဲမှာ သူရဲ့မွေးရပ်မြေက မာဆေးလ်အသင်းဟာ သူရဲ့အိမ်မက်အသင်းလို့ပါ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။