မနေ့ညက လက်စတာစီးတီးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ကင်းပါဝါမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လက်စတာအသင်းနဲ့ ယူရိုပါလိဂ် ချန်ပီယံ ဗီလာရီးယဲလ်အသင်းတို့ရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်အတွင်းမှာ လက်စတာနောက်ခံလူ ဝက်စလေဖိုဖာနာဟာ ဗီလာရီးယဲလ် ကစားသမားတစ်ဦးရဲ့ ဖြတ်ထုတ်မှုကြောင့် ခြေထောက်ကျိုးသွားခဲ့တဲ့အထိ ဖြစ်သွားခဲ့ရတာကြောင့် လအတန်ကြာ အနားယူရဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

အသက်(၂၀)အရွှယ်ရှိ ပြင်သစ်နောက်ခံကစားသမား ဖိုဖာနာဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲအတွင်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားသွားခဲ့ပြီး ပွဲချိန်အတွင်းမှာ ဗီလာရီးယဲလ် တိုက်စစ်ကစားသမား နီနိုနဲ့ ဘောလုံးယှဉ်လုရင်း နီနိုရဲ့ ကြမ်းတမ်းလှတဲ့ ဖြတ်ထုတ်မှုကြောင့် ဖိုဖာနာရဲ့ခြေထောက် ကျိုးသွားခဲ့ရပြီး ကွင်းအတွင်း ဆေးကုသမှုကို အချိန်ကြာမြင့်စွာ ပြုလုပ်ခံခဲ့ရပြီး နောက်ဆုံးမှာတော့ အောက်ဆီဂျင်ပေးပြီး ကွင်းထဲကနေ ခေါ်ဆောင်သွားခဲ့ရပါတယ်။ လက်ရှိမှာတော့ ဖိုဖာနာဟာ ဆေးရုံမှာ ကုသမှုတွေ ဆက်လက်ခံယူနေရပြီး ဒဏ်ရာအခြေအနေကြောင့် လအတန်ကြာ အနားယူရဖွယ်လည်း ရှိနေပါတယ်။

Photo Credit : The Sun

ပြင်သစ် ယူ၂၁ ကစားသမားလေး ဖိုဖာနာဟာ ပြီးခဲ့တဲ့နှစ် နွေစျေးကွက်အတွင်းကမှ ပြင်သစ်လီဂူးကလပ် စိန့်အက်တီယန်ကနေ လက်စတာအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ အလျင်အမြန် အံ့ဝင်နိုင်ခဲ့သလို ရီးယဲလ်မက်ဒရစ်လို ကမ္ဘာထိပ်တန်း ကလပ်အသင်းကြီးရဲ့ ပစ်မှတ်ပါ ဖြစ်လာခဲ့ရပါတယ်။ လက်စတာအသင်းရဲ့ အဓိက နောက်ခံလူတစ်ဦးဖြစ်တဲ့ ဖိုဖာနာအနေနဲ့ ရာသီကြိုခြေစမ်းပွဲမှာပဲ ခြေထောက်ကျိုးတဲ့ ဒဏ်ရာအထိ ရရှိသွားခဲ့ရတာကတော့ မကြာခင်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကို စတင်ဆင်နွဲရတော့မယ့် လက်စတာအတွက် အတော်လေးကို ဆိုးဆိုးရွှားရွှား ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပြီး ဗဟိုခံစစ်နေရာမှာ ဆိုယွန်ဂျူနဲ့အတူ ဂျွန်နီအီဗန်စ်ကိုပဲ ပြန်လည်ပွဲထုတ်လာရနိုင်သလို ဖိုဖာနာရဲ့ ဒဏ်ရာအတိမ်အနက်ပေါ် မူတည်ပြီး နောက်ခံလူသစ်တစ်ဦးကိုပါ ခေါ်ယူရဖွယ် ရှိလာနိုင်ပါတယ်။ လက်စတာအသင်းဟာ ဒီနွေစျေးကွက်အတွင်းမှာ ဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒါကာ လိုင်လီကွင်းလယ်လူ ဆူမာရေးနဲ့ ဆောက်သမ်တန် ဘယ်နောက်ခံလူ ဘာထရန်တို့ကို ခေါ်ယူထားခဲ့ပြီး အခုလက်ရှိမှာလည်း ဗဟိုခံစစ်နေရာအတွက် Free Agents ဖြစ်နေတဲ့ နောက်ခံလူတစ်ဦးဦးကို ခေါ်ယူသွားရဖွယ် ရှိနေပါတယ်။