ချယ်လ်ဆီးအသင်းကတော့ နော်ဝေကလပ် မိုလ်ဒီအသင်းရဲ့ အိုင်ဗရီကို့စ် လူငယ် တိုက်စစ်ကစားသမားလေး ဒေးဗစ်ဒါထရိုဖိုဖာနာကို ပြောင်းရွှေ့ကြေး ယူရို(၁၂)သန်းနဲ့ ခေါ်ယူသွားဖို့အတွက် မကြာခင်မှာပဲ လန်ဒန်မြို့အတွင်း ဆေးစစ်မှုတွေ လုပ်ဆောင်နိုင်တော့မယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ အိုင်ဗရီကို့စ် ကစားသမားလေး ဖိုဖာနာဟာ အိုင်ဗရီကို့စ်ကလပ် AFAD အသင်းမှာ ပါဝင်ကစားနေရင်းနဲ့ သူရဲ့ ခြေစွမ်းတွေကြောင့် ဘယ်လ်ဂျီယံနဲ့ နော်ဝေကလပ်အသင်းတွေက စိတ်ဝင်စားလာခဲ့ပြီး ၂၀၂၁ခုနှစ်မှာပဲ နော်ဝေ ထိပ်သီးကလပ် မိုလ်ဒီက (၄)နှစ်စာချုပ်နဲ့ ခေါ်ယူဖြစ်ခဲ့ပါတယ်။ လက်ရှိ ဘောလုံးရာသီမှာ မိုလ်ဒီအသင်းအတွက် ပြိုင်ပွဲစုံ (၃၇)ပွဲအထိ ပါဝင်ကစားခွင့် ရထားတဲ့ ဖိုဖာနာဟာ (၂၁)ဂိုးအထိပင် သွင်းယူထားနိုင်တဲ့အထိ ဂိုးသွင်းစွမ်းရည်ကောင်းတွေ ပြသထားနိုင်ခဲ့တာကြောင့် သူ့ကို ဥရောပ ကလပ်အသင်းများစွာက စိတ်ဝင်စားလာခဲ့ပါတယ်။

Image

Photo Credit : Twitter

ဆယ်ကျော်သက်အရွယ်သာ ရှိနေသေးပေမယ့် သူရဲ့ ခြေစွမ်းတွေကြောင့် ဖိုဖာနာဟာ အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံလာခဲ့ရပြီး အခုလည်း ချယ်လ်ဆီးအသင်းဆီ ရောက်ရှိဖို့က သေချာသွားခဲ့ရပြီ ဖြစ်ပါတယ်။ ၂၀၀၂ခုနှစ်ဖွား ကစားသမားလေး ဖိုဖာနာကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းက မိုလ်ဒီအသင်းနဲ့ ကနဦး သဘောတူညီချက် ရယူနိုင်ခဲ့တာဖြစ်ပြီး မကြာခင်မှာပဲ ကစားသမားနဲ့ပါ personal agreed ထပ်မံ ရရှိခဲ့ပြန်ပါတယ်။ အလုံးစုံ သဘောတူညီမှုတွေ ရယူထားပြီးချိန်မှာတော့ တိုက်စစ်မှူးလေး ဖိုဖာနာကို ဆေးစစ်မှုတွေ လုပ်ဆောင်နိုင်တော့မှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရို(၁၂)သန်းနဲ့ပါ ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။ အသက်ငယ်ရွယ်ပြီး အရပ်အမောင်းလည်းကောင်း ဂိုးသွင်းအားလည်း ကောင်းမွန်လှတဲ့ ကစားသမားလေး ဖိုဖာနာကို ခေါ်ယူနိုင်လိုက်တာက ချယ်လ်ဆီးအတွက်တော့ တကယ်ကို အကျိုးရှိတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာမှာ သေချာနေသလို ဒီရက်ပိုင်းအတွင်းမှာပဲ နောက်ထပ် လူငယ် ကစားသမားလေးတစ်ဦးဖြစ်တဲ့ ဘရာဇီးလ်ကလပ် ဗက်စ်ကိုဒါဂါးမားအသင်းရဲ့ ဘရာဇီးလ် ဆယ်ကျော်သက်အရွယ် လူငယ် ကွင်းလယ်ကစားသမားလေး အန်ဒရီဆန်းတို့စ်ကိုပါ ခေါ်ယူသွားဖို့ အလွန် နီးစပ်နေရပြီ ဖြစ်ပါတယ်။