ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့် ဖီးလ်ဖိုဒန် ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး နောက်မှာတော့ မန်ချက်စတာ စီးတီးအသင်းဟာ အကောင်းဆုံး ပုံစံကို ပြန်ရနေပြီ လို့ ကြုံးဝါး သွားခဲ့ပါတယ်။ အီတီဟတ် ကွင်းကြီးထဲမှာ ကစားခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ ဘရိုက်တန် အသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီးအသင်းဟာ ဘရိုက်တန် အပေါ် လုံးလုံးလျားလျား အသာစီးရအောင် မစွမ်း‌ဆောင်နိုင်ခဲ့ပေမယ့် ဖိုဒန်ရဲ့ အဖိုးတန် သွင်းဂိုးကြောင့် အနိုင် ၃မှတ်ကို အရယူနိုင်ခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာ အထိ တက်လှမ်း နိုင်ခဲ့ပါတယ်။

Photo Credit: BBC

အဆိုပါ နိုင်ပွဲကြောင့် မန်ချက်စတာ စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၂မှတ် အထိ စုဆောင်း ထားနိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာမှာ ရှိနေတဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ တစ်ပွဲလျော့ ၄ မှတ်သာ ကွာဟသလို အဆင့် ၂ နေရာမှာ ရှိနေတဲ့ လီဗာပူးအသင်းနဲ့လည်း တစ်ပွဲလျော့ ၁ မှတ်သာ ကွာဟတဲ့ အနေအထားပါ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခု တစ်ပတ်မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရှိနေတဲ့ လီဗာပူးအသင်း ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်တာကြောင့် အဆိုပါ ပွဲစဉ်မှာသာ အနိုင်ရလဒ် ရရှိခဲ့ခြင်း မရှိပါက မန်ချက်စတာ စီးတီးအသင်းဟာ လာမယ့် ခရစ္စတယ် ပဲလေ့စ်အသင်း ၊ ဗီလာအသင်း တို့နဲ့ ပွဲစဉ်ကိုသာ အနိုင်ရခဲ့ပါက အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာ အထိ တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: BBC

ဖိုဒန်ကတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ ရလဒ်ကောင်းတွေ အတွက် ကျေနပ်လျက် ရှိပြီး အသင်းဟာ အကောင်းဆုံး ပုံစံကို ရနေပြီ ဖြစ်ကြောင်း ချန်ပီယံလုဖက်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လီဗာပူးအသင်းတို့ကို သတိပေးသွားခဲ့ပါတယ်။ ဖိုဒန်က “ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ အကောင်းဆုံး ပုံစံဆီကို ပြန်ရောက်နေပြီ လို့ လုံးဝ ခံစားနေရပါတယ်။ ကျွန်တော်တို့ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရခဲ့တဲ့ ရလဒ်တွေကြောင့် ယုံကြည်မှုတွေ ပြည့်ဝနေပါပြီ။ ကျွန်တော်တို့ဟာ ဒီနေ့ပွဲစဉ်မှာ ဒီထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့သင့်ပေမယ့် အကုန်လုံး ချုံကြည့်ရင်တော့ အသင်းအတွက် ဂုဏ်ယူမိပါတယ်။ ဒါဟာ အတော်လေးကို ကောင်းတဲ့ ရလဒ်တစ်ခုပါ။ ဘရိုက်တန် အသင်းက ခံစစ်ကို အကောင်းမွန်ဆုံး ကစားနိုင်ခဲ့သလို ကောင်းမွန်တဲ့ အစီအမံတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ပထမပိုင်း မပြီးခင်မှာ သွင်းဂိုး ရရှိဖို့က အရေးကြီးခဲ့ပါတယ်။ ကျွန်တော့်ရဲ့ သွင်းဂိုးက အနိုင်ဂိုး ဖြစ်ခဲ့တဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်က ညာခြေနဲ့ ဂိုးတွေ အများကြီး သွင်းလေ့ မရှိပါဘူး။ ကျွန်တော်တို့က အမြဲတမ်း သွင်းဂိုးတွေ သွင်းယူချင်သလို ဧရိယာထဲမှာလည်း ရှိချင်ပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိ ပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းသွားချင်ပြီး လိဂ်ဖလားကို ဗိုလ်စွဲနိုင်အောင် ကြိုးစားသွားမှာပါ” ဆိုပြီး ပြောကြား သွားပါတယ်။