လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ လူငယ်ကြယ်ပွင့် ဖီးလ် ဖိုဒန်ကတော့ ယခု နွေဈေးကွက် အတွင်းမှာ ဒေါ့မွန်ကနေ သူတို့အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူးသစ် အာလင်း ဟာလန်းဟာ မန်ချက်စတာ စီးတီးရဲ့ ဂန္တဝင် တိုက်စစ်မှူး ဆာဂျီယို အဂူရိုလို အဆုံးသတ် ကောင်းတဲ့ တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းက လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၅ဦး စာရင်းဝင်သူ ဖြစ်ပြီး မန်ချက်စတာ စီးတီးက သူ့ကို ခေါ်ယူနိုင်ဖို့ ဥရောပ ထိပ်သီးအသင်းတွေ အားလုံးနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ စီးတီးက ဟာလန်းအတွက် ဒေါ့မွန်ထံ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၁သန်း ပေးချေခဲ့ရပြီး ဟာလန်းလို ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး အတွက် အဆိုပါ ပြောင်းရွှေ့ကြေးဟာ အတော်လေး နည်းပါးတယ် လို့ ဆိုနိုင်သလို မန်ချက်စတာ စီးတီးလို ကမ္ဘာ့အဆင့် ကစားသမားတွေ ပြည့်နှက်နေတဲ့ အသင်းနဲ့ ဟာလန်းတို့ရဲ့ ပေါင်းစပ်မှုကြောင့် ဒီရာသီမှာ မန်ချက်စတာ စီးတီးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ အသင်းတွေကို လက်ချိုးရေလို့ ရနိုင်တဲ့ အနေအထားပါ။

မန်ချက်စတာ စီးတီးရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာသလို လက်ရှိအချိန်မှာ မန်ချက်စတာ စီးတီးရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြ ကစားနေတဲ့ ဖီးလ် ဖိုဒန်ကလည်း ဟာလန်း တယောက် မန်ချက်စတာ စီးတီးဆီ ရောက်လာမှု အပေါ် အတော်လေး ပျော်ရွှင်နေပြီး ဟာလန်းဟာ သူတို့အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး အဂူရိုလို ပုံစံမျိုးစုံနဲ့ ဂိုးသွင်းနိုင်တဲ့ အဆုံးသတ် စွမ်းရည်မြင့် ထိပ်သီး တိုက်စစ်မှူး တဦး ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဖီးလ် ဖိုဒန်က – “ဂိုးပေါက်ရှေ့မှာဆိုရင် ဟာလန်းက အတော်လေးကို ကြောက်စရာကောင်းတဲ့ တိုက်စစ်မှူးပါ။ လူတိုင်းက သူ့ရဲ့ ဂိုးသွင်းစံချိန်တွေ အကြောင်းကို သိကြပါတယ်။ ဒါပေမယ့် သူက မတူညီတဲ့ လိဂ်တခုဆီ ရောက်လာတာပါ။ ပရီးမီးယားလိဂ်က ဘွန်ဒက်လီဂါထက် ပိုမြန်တဲ့ လိဂ်တခု ဖြစ်တာကြောင့် သူ့အနေနဲ့ ဒီလိဂ်မှာ အသားကျဖို့ အချိန်အနည်းငယ် ယူရနိုင်ပါတယ်။ ဒါပေမယ့် သူက သူ့ရဲ့ ရစ်သမ်ကို ရသွားပြီ ဆိုရင် တားဆီးဖို့ မဖြစ်နိုင်လောက်တဲ့ အထိ ကောင်းမွန်လာမယ့် တိုက်စစ်မှူး ဆိုတာ သေချာပါတယ်။ အဂူရိုကလည်း သူ့လိုပါပဲ။ ဟာလန်းက အဂူရိုလိုမျိုး ပုံစံမျိုးစုံနဲ့ အဆုံံးသတ်နိုင်စွမ်း ရှိတဲ့ တိုက်စစ်မှူး တဦးပါ။ သူက ဂိုးပေါက်ရှေ့မှာဆိုရင် အတော်လေး ကြောက်စရာကောင်းပြီး ကျွန်တော်တို့သာ သူ့ဆီကို မှန်ကန်တဲ့ ပေးပို့မှုတွေ လုပ်နိုင်ခဲ့မယ် ဆိုရင် သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ်” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။