ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်လူ နှစ်ဦး ဖြစ်သူ ဖိုဒန်နဲ့ ဂရီးလစ်တို့ဟာ ပြီးခဲ့တဲ့အပတ်မှာ နိုက်ကလပ် တခုဆီ သွားရောက်ကာ ညလုံးပေါက်နီးပါး ပျော်ပါးခဲ့ကြတာကြောင့် နည်းပြဖြစ်သူ ဂွာဒီယိုလာရဲ့ ဆူပူ ကြိမ်းမောင်းခြင်းကို ခံနေရကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားပါတယ်။

မန်ချက်စတာ စီးတီးအသင်းရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့် ဖိုဒန်နဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင် ဂရီးလစ်တို့ဟာ မန်ချက်စတာ စီးတီးအသင်း အတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူတွေ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၀-၄ မန်ချက်စတာ စီးတီး ပွဲစဉ်မှာတော့ အရန်ခုံမှာသာ ထိုင်နေခဲ့ရပါတယ်။

Photo Credit: The Times

ဂွာဒီယိုလာက ဖိုဒန်နဲ့ ဂရီးလစ်တို့လို ခြေစွမ်းကောင်းတဲ့ ကစားသမားတွေကိုဘာကြောင့် အရန်ခုံ ပို့ခဲ့တာလဲ ဆိုတာနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်မှုတွေ ရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ ဂွာဒီယိုလာဟာ ဖိုဒန်နဲ့ ဂရီးလစ်တို့ နိုက်ကလပ်မှာ သွားကဲခဲ့တဲ့ ဖြစ်ရပ်အတွက် ပွဲထွက်လူစာရင်း ကနေ ချန်လှပ်ပြီး ပြစ်ဒဏ်ပေးခဲ့တာ ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖိုဒန်နဲ့ ဂရီးလစ်တို့ဟာ မန်ချက်စတာ စီးတီးအသင်းက လိဒ်အသင်းကို ၇-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့နေ့မှာပဲ နိုက်ကလပ် တခုဆီ သွားရောက်ကာ ပျော်ပါးခဲ့ကြတာ ဖြစ်ပြီး ဂွာဒီယိုလာက သူတို့နှစ်ဦးရဲ့ အပြုအမူ အတွက် အတော်လေး စိတ်ဆိုး ဒေါသထွက်နေကြောင်းလည်း သိထားရပါတယ်။

Photo Credit: The Times

ဂွာဒီယိုလာကလည်း နယူးကာဆယ်နဲ့ ပွဲစဉ်အပြီးမှာ ကစားသမားတွေအနေနဲ့ ပုံမှန် ပွဲထွက်ခွင့် ရချင်ရင် ကွင်းတွင်းခြေစွမ်းကို သာမက ကွင်းပြင်ပ နေထိုင်မှုတွေမှာပါ အချိုးပြေပြေ နေဖို့ လိုအပ်ကြောင်း ပြောကြားရင်း ဖိုဒန်နဲ့ ဂရီးလစ်တို့ကို သတိပေးသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ကျွန်တော်က ကွင်းတွင်း ၊ ကွင်းပြင် နေထိုင်မှုပုံစံကို အတော်လေး ဂရုစိုက်တဲ့လူပါ။ ဒါကြောင့် ကစားသမား တဦးက ကွင်းပြင်ပ နေထိုင်မှုတွေမှာသာ အချိုးမပြေရင် ကစားခွင့် ပေးမှာ မဟုတ်ပါဘူး။ ကစားသမားတွေက အချိန်ပြည့် ပွဲတွေနဲ့ ပတ်သတ်ပြီး အာရုံစူးစိုက်မှု အပြည့် ရှိရပါမယ်။ အခုလိုမျိုး ပွဲတော်တွေ များတဲ့ ခရစ္စမတ်လို ကာလမျိုးမှာ သူတို့တွေက ပွဲတွေအပေါ် ပိုပြီး အာရုံစိုက်ထားသင့်ပါတယ်” လို့ ပြောကြားခဲ့တာပါ။