မန်ချက်စတာစီးတီးအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကြယ်ပွင့်ကစားသမားလေး ဖေးလ်ဖိုဒန်က လက်ရှိအချိန်မှာ ကစားသမားဘဝရဲ့ ပထမဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဆင်နွဲသွားရတော့မှာမို့ စိတ်လှုပ်ရှားနေပြီး သူ့အနေနဲ့ ဒီနှစ်ရာသီ မန်စီးတီးအသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေအတိုင်း အင်္ဂလန်အသင်းမှာပါ ဆက်လက် ပြသသွားနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၂)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် ကစားသမား ဖိုဒန်ဟာ ဒီရာသီမှာ စီးတီးကစားသမားသစ် တ်ိုက်စစ်မှူး အာလင်းဟာလန်းနဲ့ တွဲဖက်ပြီး အကောင်းဆုံးသော ခြေစွမ်းတွေ ပြသနေသလို မန်ချက်စတာဒါဘီမှာပါ ဟက်ထရစ် သွင်းယူနိုင်ခဲ့သလို ကစားထားတဲ့ ပွဲ(၂၀)အတွင်းမှာလည်း သွင်းဂိုး (၈)ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဖိုဒန်ဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲမယ့် အင်္ဂလန်အသင်းမှာပါ ရွေးချယ်ခံခဲ့ရလို့ အခုဆိုရင် သူ့အတွက် ပထမဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုပါ ယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Telegraph

“အသင်းထဲကို ဝင်ရောက်လာနိုင်ဖို့နဲ့ ကစားသမားတွေကို ကောင်းကောင်း သိဖို့ဆိုတာက လွယ်ကူလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ မတူညီတဲ့ ကစားသမားတွေနဲ့ ဘယ်လိုကစားရမလဲဆိုတာ သင်ယူရမှာဖြစ်ပြီး အသေးစိတ် အချက်လေးတွေကိုပဲ လေ့လာရပါမယ်။ ကစားသမားတွေကို နားလည်ဖို့အတွက် ကျွန်တော် အင်္ဂလန်အသင်းမှာ အတွေ့အကြုံ လုံလုံလောက်လောက် ရှိခဲ့ပါတယ်။ အဲ့ဒါကို ဒီကမ္ဘာ့ဖလားမှာပါ သယ်ဆောင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်တော့ အင်္ဂလန်အတွက် ကျွန်တော် ဂိုးတွေအများကြီး ထပ်သွင်းသင့်ပါတယ်။ ကျွန်တော်က သင်ယူနေဆဲဖြစ်ပြီး ကစားသမား အစုအဖွဲ့အကြောင်းကိုလည်း သင်ယူနေဆဲပါ။ ဒီကမ္ဘာ့ဖလားက ကျွန်တော် အကောင်းဆုံးတွေ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ပြီး သွင်းဂိုးတွေလည်း သယ်ဆောင်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါဟာ လမ်းကြောင်းမှန်ပေါ်ကို ခြေလှမ်းသေးသေးလေး လှမ်းဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော်ရဲ့ ကလပ်အသင်း form ကို နိုင်ငံအသင်းဆီ သယ်ဆောင်ချင်ပါတယ်။ ဒီရာသီမှာ ကလပ်အသင်းမှာ ကျွန်တော် ဂိုးတွေ အများကြီး သွင်းယူထားသလို နိုင်ငံအသင်းအတွက်ကိုလည်း ဒီပုံစံအတိုင်း စွမ်းဆောင်ပေးချင်ပါတယ်”လို့ ဖိုဒန်က ပြောကြားခဲ့ပါတယ်။