MySport Myanmar

ဖလူမင်နိစ်ကွင်းလယ်လူ အန်ဒရေကို ကမ်းလှမ်းခဲ့ပေမယ့် အငြင်းခံခဲ့ရပြန်တဲ့ လီဗာပူး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်း အတွက် ဘရာဇီးလ် နာမည်ကြီးကလပ် ဖလူမင်နိစ်ရဲ့ ကွင်းလယ်လူ အန်ဒရေကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း ဘရာဇီးလ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

လီဗာပူးက ယခု နွေဈေးကွက် အတွင်းမှာ ချိန်ဘာလိန် ၊ မီလ်နာ ၊ နာဘီကီတာ ၊ ဖာဘင်ဟို ၊ ဟန်ဒါဆန် စတဲ့ ကွင်းလယ်လူ ၅ဦး အထိ လက်လွှတ်ပြီးနောက် အယ်လစ္စတာ ၊ ဆိုဘော့ဇလိုင်းနဲ့ အန်ဒိုတို့ သုံးဦးထဲကိုသာ ပြန်ခေါ်ထားနိုင်တာကြောင့် နွေဈေးကွက် မပိတ်မီမှာ နောက်ထပ် ကွင်းလယ်လူ ၁ဦး ထပ်မံ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Football 365

လီဗာပူးက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိတဲ့ ကွင်းလယ်လူကို ခေါ်ယူဖို့ စီစဉ်ထားပြီး လီဗာပူးရဲ့ ပစ်မှတ်စာရင်းထဲမှာ ဘိုင်ယန်ကွင်းလယ်လူ ဂရာဗန်ဘက်ချ် ၊ ဖလူမင်နိစ် ကွင်းလယ်လူ အန်ဒရေနဲ့ ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘက်တို့ ပါဝင်နေပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ အန်ဒရေက ခံစစ်အားသန် ကွင်းလယ်လူ တဦး ဖြစ်ပြီး သူက ဗဟိုကွင်းလယ်မှာရော ကွင်းလယ်ခံစစ်မှာပါ ကောင်းကောင်း ကစားနိုင်သလို လိုအပ်ရင် အဝေးကန်ချက်တွေနဲ့ သွင်းဂိုးတွေပါ သွင်းယူနိုင်စွမ်း ရှိပါတယ်။

Photo Credit: Goal

အန်ဒရေက ဖလူမင်နိစ်အတွက် ပြိုင်ပွဲစုံမှာ ၁၄၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ လီဗာပူးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အန်ဒရေ အတွက် ဖလူမင်နိစ်ထံ တရားဝင် ကမ်းလှမ်းမှု တရပ် လုပ်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN Brasilရဲ့ ဖော်ပြချက်အရ လီဗာပူးက အန်ဒရေကို ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ဖလူမင်နိစ်က လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကာ လီဗာပူးကတော့ အန်ဒရေအတွက် ယူရို ၃၀သန်းထက် ပိုမပေးချင်တာကြောင့် အန်ဒရေကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီလို့ သိရပါတယ်။

Exit mobile version