မန်ချက်စတာယူနိုက်တက်အသင်းမှာ အချိန်အတိုင်းအတာတစ်ခုထိ ပါဝင်ကစားသွားခဲ့ဖူးတဲ့ တောင်ပံကစားသမားဟောင်း လူးဝစ်နာနီဟာ လာမယ့် ဒီဇင်ဘာ (၃၁)ရက်နေ့မှာပဲ သူရဲ့လက်ရှိကလပ် မေဂျာလိဂ်အသင်း အော်လန်ဒိုစီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး သက်တမ်းလည်း ထပ်မံတိုးမြှင့်တော့မှာ မဟုတ်တဲ့အတွက် ဒီကစားသမားကို လက်ရှိမှာ ဘရာဇီးလ် နာမည်ကျော် ကလပ်အသင်းဖြစ်တဲ့ ဖလူမင်နိစ်ကနေ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားနေတယ်လို့ အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယိုရိုမာနိုကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sportelogy

အသက်(၃၅)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင်ကစားသမားဟောင်းကြီး နာနီဟာ ၂ဝဝရခုနှစ်မှာပဲ စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား အပါအဝင် ပရီးမီးယားလိဂ်ဖလား အက်အေဖလား အစရှိတဲ့ အဓိက ဆုဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ကစားသမားဘဝအတွင်း ယူနိုက်တက် ဖီနာဘာချီ ဗလင်စီယာ လာဇီယို စပို့တင်း(၃)ကြိမ်နဲ့ အော်လန်ဒိုစီးတီးအသင်းတို့မှာ ပါဝင်ကစားခဲ့တဲ့ နာနီဟာ လက်ရှိမှာ ကစားသမားဘဝရဲ့ နေဝင်ချိန်ကို ရောက်ရှိနေပေမယ့်လည်း ကစားသမားဘဝကို အဆုံးသတ်ဖွယ် မရှိသေးပဲ နောက်ထပ် ကလပ်အသင်းတစ်ခုဆီကို ထပ်မံပြောင်းရွှေ့ဖွယ်လည်း ရှိနေပါတယ်။

Photo Credit : WiKiFid

လူးဝစ်နာနီဟာ သူ (၃)ကြိမ်အထိ ပါဝင်ကစားခဲ့ဖူးတဲ့ စပို့တင်းလစ္စဘွန်းအသင်းကနေ ၂၀၁၉ခုနှစ်မှာပဲ အမေရိကန် မေဂျာလိဂ် ကလပ်အသင်းဖြစ်တဲ့ အော်လန်ဒိုစီးတီးအသင်းဆီကို ပြောင်းရွှေ့ကစားခဲ့ရာ အသင်းအတွက် ဘောလုံးရာသီ (၃)ရာသီအတွင်း ပွဲစဉ်ပေါင်း (၈၈)ပွဲ ပါဝင်ကစားသွားခဲ့ပြီး သွင်းဂိုးပေါင်း (၃၁)ဂိုးအထိပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ အော်လန်ဒိုအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက လာမယ့် ၂၀၂၂ခုနှစ် နှစ်အစပိုင်းမှာပဲ သက်တမ်းကုန်ဆုံးတော့မှာဖြစ်သလို နာနီဘက်ကနေလည်း အသင်းနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တာကြောင့် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရတော့မှာ ဖြစ်ပါတယ်။ ဒီလို အသင်းလက်မဲ့ ဖြစ်လာတော့မယ့် နာနီကို ဘရာဇီးကလပ် ဖလူမင်နိစ်အသင်းကနေ အရခေါ်ယူသွားဖို့ ကြိုးပမ်းလျက် ရှိလို့နေပြီး ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားရဲ့ အေးဂျင့်နဲ့ ဖလူမင်နိစ်အသင်းတို့ရဲ့ကြား ဆွေးနွေးမှုတွေ ပြုလုပ်လို့နေကာ သဘောတူညီချက်တော့ မရရှိသေးဘူးလို့ ဖာဘရီဇီယိုက ဖော်ပြသွားခဲ့ပါတယ်။ လူးဝစ်နာနီဟာ ယူနိုက်တက်အသင်းအတွက် ပွဲစဉ်ပေါင်း (၂၃၀)အထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးပေါင်း (၄၀)အထိကို သွင်းယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။