MySport Myanmar

ဘိုင်ယန်မြူးနစ်ဆီကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ ဖလော်ရီယန် ဝစ်ဇ်

လေဗာကူဆင်အသင်းရဲ့ ဂျာမနီကြယ်ပွင့် ကွင်းလယ်တိုက်စစ် ကစားသမားလေး ဖလော်ရီယန် ဝစ်ဇ်ဟာ လာမယ့် နွေရာသီမှာ ဥရောပက ထိပ်တန်းကလပ်အသင်းတွေဆီ ပြောင်းရွှေ့ဖို့ထက် လေဗာကူဆင်ရဲ့ ပြည်တွင်း ပြိုင်ဘက်အသင်းကြီး ဘိုင်ယန်မြူးနစ်ဆီသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကတော့ သူတို့ပြည်တွင်းက ကစားသမားကောင်းတွေနဲ့ နည်းပြတွေကို အမြဲတမ်း ခေါ်ယူတက်တဲ့ ကလပ်အသင်းဖြစ်ပြီးတော့ အရည်အသွေးမြင့် ဂျာမနီ ကစားသမား တော်တော်များများကလည်း ဘိုင်ယန်မြူးနစ်လို ဂျာမနီထိပ်သီး ကလပ်အသင်းကြီးဆီမှာ လာရောက် ကစားချင်တက်ကြပါတယ်။

Photo Credit : Transfermarket

ဘိုင်ယန်အနေနဲ့ ဒီနွေမှာလည်း ဖလော်ရီယန် ဝစ်ဇ်အပြင် လေဗာကူဆင်နည်းပြ ဇာဘီ အလွန်ဆိုနဲ့ ဝစ်ဇ်ရဲ့ အသင်းဖော် ဂျိုနသန်တက်တို့ကိုလည်း ကြိုးပမ်းခဲ့သေးပြီး ကစားသမားရော နည်းပြပါ တစ်ယောက်မှ မခေါ်ယူနိုင်ခဲ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် လာမယ့်နွေမှာတော့ ဘိုင်ယန်အနေနဲ့ ဝစ်ဇ်ကိုတော့ အသင်းဆီ အရ ခေါ်ယူဖွယ် ရှိနေပါတယ်။

အသက် (၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ ကစားသမားလေး ဝစ်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လေဗာကူဆင်အသင်းကို ဘွန်ဒက်စ်လီဂါပြိုင်ပွဲအတွင်း လုံးဝ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး လေဗာကူဆင်နဲ့လည်း ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။

Photo Credit : Goal

ကွင်းလယ်တိုက်စစ်အပြင် ဘယ်တောင်ပံမှာရော ညာတောင်ပံမှာပါ ကစားနိုင်တဲ့ ဂျာမနီကြယ်ပွင့်လေး ဝစ်ဇ်ကို ရီးယဲလ် မက်ဒရစ်အပြင် မန်စီးတီး လီဗာပူးလ်အသင်းတွေကလည်း အပြိုင်အဆိုင် စိတ်ဝင်စားနေကြပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ပြည်ပကလပ်တွေထက် ဘိုင်ယန်ဆီကိုသာ ပြောင်းရွှေ့ချင်နေပါတယ်။

လေဗာကူဆင်ဘက်ကတော့ သူတို့ကစားသမားလေးအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း(၁၀၀)လောက်အထိ တန်ကြေးသတ်မှတ်ထားနိုင်ပြီး ဘိုင်ယန်မြူးနစ်လို ဒေသတွင်း ပြိုင်ဘက်အသင်းထက် ပြည်ပ ကလပ်တွေဆီကိုသာ ပိုမို ရောင်းထုတ်ချင်နိုင်ပေမယ့်လည်း ဝစ်ဇ်ကိုယ်တိုင်ကတော့ ဘိုင်ယန်ဆီ ပြောင်းရွှေ့ဖို့ပဲ ပိုမို ဆန္ဒရှိနေပါတယ်။

Exit mobile version