ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီ လက်ရွေးစင်အသင်းတို့ရဲ့ နည်းပြချုပ်ဟောင်း ဟန်ဆီ ဖလစ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်ဖို့ စဉ်းစားထားတာကြောင့် ကြိုတင် ပြင်ဆင်မှု တရပ် အဖြစ် စပိန်ဘာသာစကားကို စတင် သင်ယူနေကြောင်း ဂျာမဏီအခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၅၈နှစ် အရွယ် ဂျာမဏီလူမျိုး နည်းပြချုပ် ဟန်ဆီ ဖလစ်ဟာ ၂၀၀၀ခုနှစ်ထဲက နည်းပြလောကထဲကို ရောက်ရှိနေသူ ဖြစ်ပြီး သူက ၂၀၀၀ခုနှစ် ကနေ ၂၀၁၈ခုနှစ် အထိ ဘန်မန်တယ် ၊ ဟော့ဖန်ဟိမ်း ၊ ဂျာမဏီအသင်း ၊ ဆဲလ်ဘက် စတဲ့ အသင်းတွေမှာ လက်ထောက်နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဟန်ဆီ ဖလစ်က လက်ထောက်နည်းပြ အဖြစ် ကာလရှည် လုပ်ကိုင်ဖူးတာကြောင့် အောက်သက်ကျေတဲ့ နည်းပြချုပ် တဦး ဖြစ်သလို ၂၀၁၈ခုနှစ်မှာ ဟော့ဖန်ဟိမ်းရဲ့ ဒါရိုက်တာ အဖြစ် လုပ်ကိုင်ခဲ့တာကြောင့် အုပ်ချုပ်မှုအပိုင်းမှာလည်း ကျွမ်းကျင်ပါတယ်။

ဒါကြောင့်ပဲ ဟန်ဆီ ဖလစ်က ၂၀၁၉ခုနှစ် ၊ နိုဝင်ဘာလ ကနေ ၂၀၂၁ခုနှစ် ၊ ဇွန်လ အထိ ၁ရာသီခွဲကြာအောင် အသင်းကို ကိုင်တွယ်ခဲ့ရာမှာ အသင်းအတွက် ချန်ပီယံလိဂ် ၁ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ဘွန်ဒက်လီဂါ ၂ကြိမ် ၊ ဥရောပစူပါဖလား ၁ကြိမ် ၊ ပိုကယ်ဖလား ၁ကြိမ်နဲ့ ဂျာမန်စူပါဖလား ၁ကြိမ် စုစုပေါင်း ဆုဖလား ၇လုံး အထိ ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဟန်ဆီ ဖလစ်က ဘိုင်ယန်မြူးနစ်နဲ့အတူ ရနိုင်သမျှ ဆုဖလားတွေ အားလုံးကို ရယူနိုင်ခဲ့ပြီးနောက် အနိုင်နဲ့ ပိုင်းကာ ဂျာမဏီအသင်းဆီ ပြောင်းရွှေ့ နည်းပြခဲ့ပြီး ဟန်ဆီ ဖလစ်က ဂျာမဏီနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ မရခဲ့ပါဘူး။

နာမည်ကြီး ဂျာမဏီ သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ ဖော်ပြချက်အရ ဟန်ဆီ ဖလစ်က ရာသီကုန်မှာ နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်ဖို့ ဆုံးဖြတ်ထားသလို စပိန်ဘာသာစကားကို စတင် သင်ယူနေပြီး ဟန်ဆီ ဖလစ်ဟာ သူ့ကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေပုံ ပေါ်ကြောင်း သိရှိရပါတယ်။